ထွေးငယ်

 သူသည် ခြံထဲရှိ သရက်ပင် ပင်စည်ဂွကြား၌ ငူငူကြီးထိုင်လျှက်ရှိသည်။ ဤကမ္ဘာလောကကြီးသည် သူနှင့်လားလားမှ မသက်ဆိုင်တော့သလို အရာရာအား ငေးမောနေမိသည်။ ထိုကဲ့သို့ ငေးမောနေသော်လည်း သူ့မျက်လုံးထဲ၌ ဘာမှမြင်သည်မဟုတ်။ အနီးတွင်ရှိခဲ့ဖူးသော တန်ဖိုးထားရကောင်းမှန်းမသိခဲ့သည့် အရာတစ်ခုက သူ့ဘေးနားမှ ရုတ်တရက်ပျောက်ကွယ်သွားသည့် အတွက် သူအတော် ပူဆွေးနေသည်။ အရာရာသည် ဟာလာဟင်းလင်းဖြင့်် ဗလာနတ္ထိဖြစ်သည်။
          သူ၏ ရင့်နင့်အောင်ချစ်ရသူသည် မိခိုင်ဟု လူတိုင်းက သိကြသည်။ မိခိုင်နှင့်သူသည် ငယ်သူငယ်ချင်းများဖြစ်သလို အိမ်နီးနားချင်းများလည်းဖြစ်သည်။ သူကလည်း အရွယ်ရောက်သည့် ကာလလောက်ကတည်းက မိခိုင်ကို ချစ်ခဲ့မိသည်။
          သို့သော် သူယခုခံစားနေရသော ဝေဒနာသည် မိခိုင်နှင့် လားလားမှ မသက်ဆိုင်ပါ။ ထို့အတွက် သူပိုပြီး ယူကျုံးမရဖြစ်မိသည်။ အဘယ့်ကြောင့် မိခိုင်မဟုတ်သော လူတစ်ယောက်အတွက် သူနာနာကျင်ကျင် ခံစားနေရသည်ကို သူကိုယ်တိုင်ပင် နားမလည်ပေ။ သေချာသည်ကတော့ အသက် ၃ဝအရွယ်သူသည် သုံးနှစ်သားကလေးတစ်ဦးလို ချုံးပွဲချ ငိုချင်နေမိသည်။
````````````````````````````````
          လွန်ခဲ့သော ဆယ့်ရှစ်နှစ်။
          နွေရာသီကျောင်းပိတ်ရက်တိုင်း သူ့အိမ်သို့ မိခိုင်နှင့် မိခိုင်၏ ညီမဖြစ်သူ ထွေးငယ်တို့နှစ်ယောက်သည် လာရောက်ကစားတတ်ကြသည်။ မိခိုင်လို မိန်းကလေးမျိုးက ခြံထဲ၌ ဆော့ရသည့် ကစားနည်းမျိုးကို ကြိုက်နှစ်သက်လေ့မရှိသဖြင့် သူ၏ အဘိုးစာကြည့်ခန်းထဲ၌သာ စာအုပ်ဖတ်ရင်း အချိန်ကုန်ဆုံးလေ့ရှိသည်။ သို့သော်အငယ်မ ဖြစ်သူ ထွေးငယ်ကမူ စာအုပ်ဖတ်ရန်ဝေးစွ  ငါးနှစ်သာသာ ရှိသေးသဖြင့် ခြံထဲ၌ မျောက်လောင်းတစ်ဦးသဖွယ် ခုန်ပေါက်ပြီး ဆော့လေ့ရှိသည်။
          ခြံထဲ၌ ပြေးပြေးလွှားလွှား ဆော့တတ်သဖြင့် လူကြီးများက ထိခိုက်ဒဏ်ရာ ရမည်စိုးရာ ထွေးငယ်အား လိုက်လံထိန်းကျောင်းရသည့် တာဝန်သည် သူ့တာဝန်ဖြစ်သွားသည်။ မိခိုင်ကမူ ထွေးငယ်အား စိတ်ရှည်သူမဟုတ်ဘဲ လက်ထဲ၌ စာအုပ်တစ်အုပ်ရပါက လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလေ့ရှိသည်။
          ထိုစဉ်က အသက် ၁၂နှစ်သာ ရှိသေးသော သူသည် ထွေးငယ်၏ တစ်ဦးတည်းသော ကစားဖော်ဖြစ်သွားသည်။ ထွေးငယ်ကလည်း ခေသူမဟုတ်။ လူကြီးများလစ်လျှင် သရက်ပင်ကြီးပေါ်သို့ ဘာမပြောညာမပြောဖြင့် တက်သွားလေ့ရှိသည်။ တူတူပုန်းတိုင်းဆော့နေရင်း ထွေးငယ် ပျောက်သွားသဖြင့် လိုက်ရှာသောအခါ သရက်ပင်ပေါ်မှနေ၍
“ကိုကြီးရေ………တူး။………….”ဟု လှမ်းအော်တတ်သည်။
သရက်ပင်ပေါ်သို့ တက်ရာတွင်လည်း အမြင့်ကြီးရောက်အောင် တက်ရဲသေးသည်မဟုတ်။ ပထမအဆင့် သစ်ကိုင်းတွင်သာ တွဲလောင်းထိုင်နေတတ်သည်။ သရက်ပင်ပေါ်မှ ထွေးငယ်ကို မြင်သောအခါ တွေ့တွေ့ချင်းနေ့က သူမျက်လုံးပြူးသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထွေးငယ်ထိုင်နေသော သရက်ကိုင်းသည် လူကြီးတစ်ဦးအတွက် မဆိုစလောက်အမြင့်ဖြစ်သော်လည်း သုံးပေသာသာမြင့်သော သူမအဖို့ အောက်သို့ လိမ့်ကျပါက ကျိုးကန်းနိုင်သည့် အမြင့်ဖြစ်သည်။
သူက အောက်ဆင်းဖို့ လှမ်းခေါ်သောအခါ သူမက အပေါ်တက်လာရန်ပြောသည်။ သူက တက်မလာဟု ပြောပြီး လူကြီးများနှင့်သွားတိုင်မည်ဟု ပြန်ပြောသောအခါ သူမက သွားတိုင်ရန် ပြန်ပြောသည်။ အဘယ့်ကြောင့်ဆိုသော် လူကြီးများကို သွားတိုင်ပါက ငါးနှစ်အရွယ်ကလေးတစ်ဦးအား ကောင်းကောင်းမထိန်းနိုင်ရကောင်းလားဟု အရင်ဆုံး အဆူခံရမည့်လူက သူဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်းနားလည်သော ထွေးငယ်က မှင်သေသေဖြင့်ပင် သူမတက်မလာချင်း မဆင်းဟူသော ဝါဒအား စွဲစွဲမြဲမြဲ ကိုင်တွယ်ထားသည်။
ထို့အပြင် နွေရာသီဖြစ်သဖြင့် သရက်ပင်ပေါ်တွင် သရက်သီးအကင်းလေးများက ဝေဝေဆာဆာ သီးနေကြသဖြင့် တစ်ပေပင် မရှည်ချင်သော သူမလက်တံများဖြင့် လှမ်းခူးရန် ပြင်လိုက်သေးသည်။ ထိုအခြင်းအရာများအား အသည်းတယားယား ကြည့်ရှုခံစားပြီးသည့်နောက်တွင် သူသည် မည်သည့်နည်းနှင့်မှ စိတ်မခိုင်တော့ဘဲ သရက်ပင်ပေါ်သို့ ရဲစိတ်တင်ပြီး တက်သွားရသည်။
ထွေးငယ်အား သရက်ပင်ပေါ်မှ မဆင်းပါက သရက်ပင်စောင့်သည့်နတ်က ဒဏ်ပေးလိမ့်မည်ဟု ပြောသော်လည်း သူမက ထိုနတ်ထက် သူမ၏ လက်တစ်ကမ်းအကွာလောက်တွင်ရှိနေသော သရက်သီး အကင်းများကိုသာ ပိုမိုစိတ်ဝင်စားသဖြင့် သူအခက်တွေ့ရသည်။ သူကသာ လူကြီးများ၏ ပြောနေကျ စကားဖြစ်သော နတ်ကိုင်မည် ဆိုသည်ကိုသာ အကြောက်ကြီးကြောက်နေသည့် အရွယ်ဖြစ်သည်။
သူကရက်ပင်ပေါ်သို့ တုန်တုန်ယင်ယင်ဖြင့် တက်သွားပြီးသည့်အခါ ထွေးငယ်က စပ်ဖြဲဖြဲဖြင့် သရက်သီးအကင်းများအား ခူးပေးရန် ထပ်ပူဆာသည်။ သူက ထိုသရက်သီးများအား မမှည့်ခင်ခူးပါက လူကြီးများပြောသည့်အတိုင်း နတ်ကိုင်တတ်သည်ဟု ပြောသောအခါ ထွေးငယ်က နတ်က ဘာကို ကိုင်မှာလဲဟု ပြန်မေးသည်။ သူက ကိုင်ချင်ရာကိုင်တတ်သည်ဟုပြောသောအခါ ထွေးငယ်က သူမကလည်း ကိုင်ချင်ရာပြန်ကိုင်မည်ဟု ပြန်ပြောသည်။
သူ ထွေးငယ်ကို လန့်သည်။ နတ်ကိုင်တတ်သည်ဟု လူကြီများက သူ့ကိုခြိမ်းခြောက်ခဲ့စဉ်က ထိုစကား၏ အဓိပ္ပာယ်ကို မသိသော်လည်း ထိုကဲ့သို့ ဘာဘာညာညာ မသိသည့်အတွက်ပင် ပိုကြောက်နေမိသည်။ ထွေးငယ်ကမူ ထိုသို့မဟုတ်။ ကြောက်ရန်ဝေးစွ။ သူမကပင် ပြန်ကိုင်မည်ဟု ပြောသဖြင့် သူအံ့သြသွားရသည်။    
သူသည် ထွေးငယ်နှင့်တွေ့တိုင်း အမြဲလိုလို လက်မြှောက်ရသည်။ ထိုနည်းတူပင် မိခိုင်နှင့်တွေ့သော်လည်း လက်မြှောက်အရှုံးပေးရသည်။ အဘယ့်ကြောင့်ဆိိုသော် မိခိုင်ကို သူဘယ်တုန်းကမှ အနိုင်ယူရန် မစဉ်းစားမိသောကြောင့်ဖြစ်သည်။ ထွေးငယ်ကိုတော့ ထိုသို့မဟုတ်။ ဘယ်အချိန်တွင် ဘာထလုပ်မည်မသိသဖြင့် လက်မြှောက်ရခြင်းဖြစ်သည်။
ထွေးငယ် နှစ်တန်းရောက်သောအခါ သူတို့က ကိုးတန်းဖြစ်သည်။ ကိုးတန်းဆိုသည့် အရွယ်သည် လူပျိုအပျိုအရွယ်ဖြစ်သဖြင့် နဂိုကမှ အေးအေးဆေးဆေး နေတတ်သော မိခိုင်သည် နွေရာသီ ကျောင်းပိတ်ရက်တွင် သူ့အိမ်သို့ အမြဲလိုလို လာမလည်ပေ။ နေ့တိုင်းနီးပါး ရောက်လာတတ်သူက ထွေးငယ်ဖြစ်သည်။ သဘောင်္ဆေးသုတ်သည့် လူများဝတ်လေ့ရှိသော ဂျင်းဘောင်းဘီနှင့်အကျင်္ ီ တစ်ဆက်တည်းဖြစ်သော ဝတ်စုံမျိုးကို ဝတ်ပြီး သူ့ခြံဘက်သို့ ခုန်ပေါက်ပြေးလွှားပြီး ရောက်လာတတ်သည်။ ထွေးငယ်ကို မည်သည့်အခါမှ ဂါဝန်ဝတ်ထားသည်ကို မတွေ့ရ။ ဘောင်းဘီတိုတို (သို့မဟုတ်) ထိုခေတ်က ခတ်စားသော ဂျင်းဘောင်းဘီနှင့် အကျင်္ီ တစ်ဆက်တည်းကိုသာ ဝတ်ထားတတ်သည်ကို တွေ့ရသည်။ မိခိုင်ကမူ ကျတ်ဆံမြီး တစ်ဖက်တစ်ချက်ကျစ်ပြီး ဂါဝန် ဖောင်းဖောင်းလေးများကိုသာ ဝတ်ဆင်တတ်သူဖြစ်သည်။
ထွေးငယ်မှာမူ ဆံပင် ကျတ်ဆံမြီးကျစ်ရန်ဝေးစွ ထိုခေတ်က အလွန်ခေတ်စားသော ဒွေးကေနီးပါး တိုတောင်းသည့် ဆံပင်သာ ခေါင်း၌ ထားရှိသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဆိုးဆိုးပေပေ ယောက်ျားလေးတစ်ဦးဟုသာ မြင်ကြမည်ဖြစ်သည်။ ထိုကဲ့သို့ ယောက်ျားလေးနှင့်အလွန်တူလှသဖြင့် ထွေးငယ်၏ အမေမှာ ထွေးငယ်နှင့်ပတ်သတ်၍ အမြဲလိုလို ညည်းညူတတ်သည်။
သူနှင့်မိခိုင်သည် ကိုးတန်းအရွယ် လူပျိုပေါက်အပျိုပေါက်များ ဖြစ်သွားကြသဖြင့် သိပ်ပြီးစကား မပြောဖြစ်တော့ပေ။ မိခိုင်က အိန္ဒြေတစ်ခွဲသားဖြင့် မိန်းမဆန်လာသည်။ သူသည် မိခိုင်၏ ယဉ်ကျေးသိမ်မွေ့ မိန်းမဆန်သော အပြုအမူများအား စိတ်ဝင်စားရာမှ မိခိုင်အား သူငယ်ချင်းသံယောဇဉ်ထက် ပိုတွယ်လာသည်။ မိခိုင်၏ အလှကိုလည်း သတိထားမိသည်။ တစ်ဖက်တွင်လည်း မိခိုင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ထွေးငယ်၏ ပိုပြီး အဆော့သန်မှုကိုလည်း သူအသိအမှတ်ပြုမိသည်။
မိခိုင်က သူမအိမ်၌ စာဖတ်ပြီး ဟင်းချက်နည်း သင်နေသည့် အချိန်တွင် ထွေးငယ်သည် သူ့အိမ်ရှိ သရက်ပင်ပေါ်၌ သရက်သီး ခူးနေသည့် အချိန်ဖြစ်သည်။ လူကြီးများအလစ်တွင်လည်း သရက်ပင်ပေါ်သို့ လှစ်ခနဲ တက်သွားတတ်သည်။ တစ်ခါတစ်ရံ သရက်ပင်ပေါ် တက်ရုံနှင့်အားမရသေးဘဲ အပေါ်ထပ်ရှိ သူ့အိပ်ခန်းပြတင်းပေါက်နှင့် ထိမိနေသော သရက်ကိုင်းအထိ တွယ်တက်ပြီး ပြတင်းပေါက်မှန်တံခါးအား လာခေါက်တတ်သည်။ ပထမဆုံးအကြိမ် လာရောက် တံခါးခေါက်စဉ်က သူစာကြည့်နေသည့်အချိန်ဖြစ်သည်။ ရုတ်တရက် မှန်တံခါးအပြင်မှ ထွေးငယ်ကို မြင်သောအခါ ဖတ်လက်စ စာအုပ်သည် လွတ်ကျသွားပြီး သူ့ပါးစပ်မှလည်း အလန့်တကြားအော်မိလိုက်သေးသည်။
ထိုကဲ့သို့ ကြောက်လန့်တကြားဖြစ်သွားသော သူ့ကိုကြည့်ပြီး ထွေးငယ်က ဟက်ဟက်ပက်ပက်ရယ်သည်။ ထို့နောက် မနည်းပြန်ချော့ပြီး အောက်ပြန်ဆင်းခိုင်းရသည်။ နောက်နေ့တွင် သူ့အိပ်ခန်းနားရှိ သရက်ကိုင်းအား အခုတ်ခိုင်းလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ထွေးငယ်၏ ရန်ကို ကြောက်မိသောကြောင့် ဖြစ်သည်။
ထိုအချိန်မှစ၍ သူသည် သရက်ကိုင်းက သူ့အိပ်ခန်းပြတင်းပေါက်နား ရောက်လာခြင်းရှိမရှိ ကြည့်မိသည်။ ရောက်လာခါနီးပါက ထွေးငယ်မတက်သေးခင် အိမ်ရှိလူများကို အခုတ်ခိုင်းရသည်။
တစ်ရက်တွင် ထွေးငယ်သည် သရက်ပင်ပေါ်၌ ငိုနေသည်။ သူက ဆယ်တန်းရောက်ပြီမို့ စာကျက်နေသည့် အချိန်ဖြစ်သည်။ ငိုသံကြား၍ ပြတင်းပေါက်ဖွင့်ပြီ လှမ်းကြည့်ရာ သရက်ပင်ခွကြား၌ တွဲလောင်းထိုင်ပြီး ငိုနေသော ထွေးငယ်ကို တွေ့ရသည်။ သူက ဘာဖြစ်လို့ ငိုတာလဲဟု မေးသောအခါ သူမက ခေါင်းရမ်းပြပြီး မဖြေပေ။ သူဘယ်လောက်မေးမေး မဖြေသဖြင့် အိပ်ခန်းထဲမှ ထွက်ပြီး သရက်ပင်ပေါ် တက်သွားရသည်။ ထွေးငယ်တော့ မည်သို့မည်ပုံ တက်သည်မသိ။ သူကတော့ ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ရောက်သွားသည်။
အပင်ပေါ်ရောက်တော့ ထွေးငယ်၏ ဘေးတွင်ဝင်ထိုင်မိသည်။ ဘာဖြစ်တာလဲဟု ထပ်မေးသောအခါ ဆက်လက်ပြီး ခေါင်းသာ ခါပြသည်။ ထိုအခါမှပင် သူမအား သူသေချာကြည့်မိသည်။ ဆော့ထားသည့်အတွက် မျက်နှာက ချေးအထပ်ထပ်အပြင် ငိုပါငိုနေသဖြင့် မျက်နှာက ကြောင်ချေးရုပ်ပေါက်နေသည်။ ငိုသည့်အတွက် နှာရည်များကလည်း ကျနေသေးသည်။ ထိုကျလာသည့်နှာရည်နှင့် မျက်ရည်များကို ချေးအထပ်ထပ်ပေနေသော လက်ဖြင့်သုတ်နေသေးရာ ထွေးငယ်၏ ရုပ်သည် အာဖရိကမှ မျောက်ကလေးများပမာ မည်းသည်းသည်းဖြင့် ညစ်ညစ်ပတ်ဖြစ်သည်။
ထွေးငယ်၏ ရှုမဝသော ထိုမျက်နှာအား သူမြင်သောအခါ ခွက်ထိုးခွက်လန်ရယ်မိသည်။ ထိုကဲ့သို့ ချေးအလိမ်းလိမ်းကပ်နေသော မျက်နှာသည် နှစ်ပေါင်းများစွာကြာသည်အထိ သူ့မျက်လုံးထဲမှ ပျောက်ကွယ်မသွားဘဲ ထွေးငယ်ဟု နာမည်ကြားသည်နှင့် ထိုမျက်နှာလေးက အလိုလို သူ့မျက်လုံးထဲ၌ ပေါ်လာသည်။ ယခုအချိန်ထိလည်း ထိုမျက်နှာကို မြင်ယောင်နေဆဲပင်ဖြစ်သည်။
သူက ဘာဖြစ်တာလဲဟု ထပ်မေးသောအခါ သူမက အနိုင်ကျင့်ခံရတာဟု ပြောသည်။ သူက ဘယ်သူအနိုင်ကျင့်တာလဲဟု ထပ်မေးသောအခါ အနိုင်ကျင့်သည့်လူကို ပြောပြလျှင် ထိုလူအား သွားရောက်ဆုံးမပေးမှာလားဟု ပြန်မေးသည်။ သူကခေါင်းညိတ်ပြသောအခါ သူမက မမကြီးဟု ပြန်ပြောသည်။ မမကြီးသည် တခြားသူမဟုတ်။ မိခိုင်ဖြစ်သည်။
မိခိုင်နာမည်ကြားသောအခါ သူတွေဝေသွားသဖြင့်
“ကိုကြီးက မမကြီးကို သွားပြီး ရိုက်ရဲတာလဲ မဟုတ်ဘဲနဲ့။ မမကြီးက ထွေးငယ်ကို ရိုက်တယ်။ ပြီးတော့ ထွေးငယ်ရဲ့ အရုပ်လေးကိုလည်း လွှင့်ပစ်တယ်။”ဟု ရှိုက်၍ပင်ပြောလို်က်သေးသည်။
“ဘာဖြစ်လို့ မိခိုင်က ညီမလေးကို ရိုက်ရတာလဲ။”
“သူရည်းစားထားတာကို ထွေးငယ်က ပြန်တိုင်လို့တဲ့။ အမှန်က ထွေးငယ်တိုင်တာ မဟုတ်ဘူး။ မေမေက မမကြီးရဲ့ ရည်းစာစာတွေကို မိသွားတာ။ ဟီး……….ဟီး…….ဟီး……..”
သူသည် ထွေးငယ်၏ ရှိုက်သံများကို မကြားမိတော့။ မိခိုင်ရည်းစားထားသည်ဆိုသည်ကိုသာ ပြန်ကြားယောင်မိနေသည်။ မိခိုင်ရည်းစားရှိမှန်း သူဘယ်တုန်းကမှ ကြားလည်းမကြားမိ။ မြင်လည်းမမြင်မိပေ။
“မိခိုင်က ရည်းစားထားတယ် ဟုတ်လား။ အထင်မှားတာနေမှာပါ။ မိခိုင်က ရည်းစားမှ မရှိတာပဲ။”
“ရှိလွန်းလို့ခက်နေတယ်။ အခုကြိုက်နေတဲ့လူအပြင် တခြားတစ်ယောက်ကပါ မမကြီးကိုစာပေးတာ ထွေးငယ်မြင်သားပဲ။ ပြီးတော့ ကိုကြီးကလည်း မမကြီးကို ကြိုက်နေတာပဲ။ မမကြီးတို့အတန်းကို လာလည်ရင် ကိုကြီးက မမကြီးကို အမြဲခိုးကြည့်နေတာ ထွေးငယ်မြင်သားပဲ။ ဒ့ါကြောင့် ထွေးငယ်ကို အနိုင်ကျင့်တာ မမကြီးဆိုတာ သိလည်း ကိုကြီးက ဘာပြန်လုပ်ပေးမှာမိုလို့လဲ။” ထွေးငယ်သည် ပြောရင်းပြောရင်း ငိုပြန်သည်။
“မမကြီး လွှင့်ပစ်တာ ထွေးငယ်အတွက် ဖွားဖွားဝယ်ပေးထားတဲ့ အရုပ်…………..။”
သူ၏ နားထဲတွင် ထွေငယ်ပြောသော စကားများသည် ချက်ချင်းဝင်မလာ။ မိခိုင်တစ်ယောက် ရည်းစားရသွားသည်ဆိုခြင်းကိုသာ အံ့သြခြင်းမက အံ့သြမိပြီး သဝန်တိုမိသည်။ အသက် ၁ဝနှစ်သာသာ သာရှိသေးသော ထွေးငယ်မှာမူ ရှိုက်ပြီးငိုလိုက်၊ ထွက်ကျလာသော နှာရည်နှင့် မျက်ရည်များကို လက်ဖြင့်သုတ်လိုက်ဖြင့် လုံးချာလည်လိုက်နေသည်။
“ဘယ်သူမဆို မမကြီးကိုပဲချစ်ကြတယ်။ ထွေးငယ်ကိုဆို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ဘာမဆို မမကြီးအတွက်ပဲ ဝယ်ပေးကြတယ်။ မမကြီးကထွေးငယ် အစ်မမဟုတ်ဘဲ ကိုကြီးသာ ထွေးငယ်အစ်မဆို ပိုကောင်းမှာ။”
ထိုစကားကြားမှာသာလျှင် သူ့အာရုံသည် ထွေးငယ်အပေါ် ပြန်ရောက်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ထွေးငယ်အပေါ် သနားစိတ်ဝင်မိသည်။ အင်မတန် အဆော့သန်လှသော၊ ဒူပေဒါပေ ခံနိုင်သော ကလေးမလေးတစ်ယောက်က ဝမ်းနည်း ပက်လက်ဖြင့် သရက်ပင်ပေါ်ထိုင်ငိုနေသော အဖြစ်သည် အလွန်သနားစရာကောင်းသည်ဟု သူမြင်လာသည်။ မိခိုင်နှင့်ပတ်သတ်၍မူ တစ်နု့ံနု့ံဖြင့်ပင် ခံစားနေရတုန်းဖြစ်သည်။
“မငိုပါနဲ့တော့ ထွေးငယ်ရယ်။ ကိုကြီး အဲဒီအရုပ်လေးကို ပြန်ဝယ်ပေးပါ့မယ်။ မမကြီးကလည်း တမင်လုပ်တာမှ မဟုတ်တာ။ စိတ်တိုသွားလို့နေမှာပါ။ ဥပမာ မမကြီးက ထွေးငယ်ကို ဆူရင် ထွေးငယ်မကြိုက်သလို မမကြီးကလည်း သူ့ကို မေမေက ဆူရင် ဘယ်ကြိုက်မှာလဲ။ ဒီတော့ မေမေက သူ့ကိုဆူတော့ သူ့ဒေါသတွေက ထွေးငယ်အပေါ်ကျလာတာပေ့ါ။ ခုနေ ထွေးငယ်အိမ်ပြန်သွားကြည့်ပ့ါလား။ မမကြီးက စိတ်မကောင်းဖြစ်ပြီး ထွေးငယ်ကို ပြန်ချော့မှာ။”
သူသည် ထွေးငယ်အငိုတိတ်စေရန်အတွက် ချော့မော့ပြောဆိုသည်။ ထွေးငယ်သည် နည်းနည်းတော့ အငိုတိတ်သွားသည်။ ထိုကဲ့သို့ အငိုတိတ်သွားခြင်းမှာလည်း သူချော့သည်ကို သဘောကျ၍မဟုတ်။ ငိုတာကြာပြီဖြစ်သဖြင့် မောသွား၍သာ အငိုတိတ်သွားခြင်းဖြစ်သည်။
ထိုနေ့က ထွေးငယ်ပြန်သွားသောပြီးနောက် သူသည် စာလုံးဝကျက်၍ မရတော့ပေ။ မိခိုင်ကို သူချစ်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး ပတ်ဝန်းကျင်ရှိသူငယ်ချင်း အချို့သည်ပင် ရိပ်မိနေကြပြီဖြစ်သည်။ စာသင်ချိန်တွင် ခိုးခိုးကြည့်နေသည်ကို ကာယကံရှင် မိခိုင်မှ တစ်ပါး နီးစပ်သည့် သူများက ရိမ်မိနေကြသည်။ ယုတ်စွအဆုံး မိခိုင်၏ တစ်ဦးတည်းသော ညီမဖြစ်သူ ၁ဝနှစ်အရွယ် ထွေးငယ်သည်ပင် သိနေသည် မဟုတ်ပါလား။
သို့သော် သူမည်သည့်အခါကမှ ဖွင့်ပြောရန် မရည်ရွယ်ခဲ့ပါ။ ထို့ကြောင့်ပင် မိခိုင်နှင့်သူသည် ဝေးသည်ထက် ဝေးသွားရသည်။
ဆယ်တန်းဖြေဆိုရန် ရက်အနည်းငယ်အလိုတွင် စာမေးပွဲဖြေခွင့်ကဒ်၌ ှဓာတ်ပုံ ကတ်ရမည်ဖြစ်သဖြင့် သူသည် ရပ်ကွက်ထဲရှိ  ဓာတ်ပုံဆိုင်သို့ ထွက်လာခဲ့သည်။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ဓာတ်ပုံဆိုင်၌ မိခိုင်တို့ ညီအစ်မနှစ်ယောက်နှင့် သွားဆုံသည်။ မိခိုင်သည်လည်း ဓာတ်ပုံလာရိုက်ခြင်းဖြစ်သည်။ ထွေးငယ်သည် သူ့ကိုမြင်မြင်ချင်း သူ့ဆီပြေးလာပြီး နှုတ်ဆက်သည်။ မိခိုင်က ရယ်ပြသည်။
သူနှင့်မိခိုင် ဓာတ်ပုံရိုက်ပြီးသောအခါ ထွေးငယ်သည် ဘာစိတ်ကူးပေါက်သည်မသိ။ သူပါ ရိုက်ချင်သည်ဟု ဆိုကာ ကင်မရာရှေ့သို့ ခပ်တည်တည်ဝင်ထိုင်သည်။ မိခိုင်က
“အခုမှ ဆော့ပြီးပြန်လာတာ ရေလဲချိုးရသေးတာ မဟုတ်ဘဲနဲ့။ ဘာလို့ရိုုက်မှာလဲ။ နောက်မှ ရိုက်လေ။”ဟု လှမ်းပြောသော်လည်း ထွေးငယ်သည် ဂရုမစိုက်။ စောစောက မိခိုင်ဓာတ်ပုံရိုက်စဉ်က ကဲ့သို့ ခပ်ပြုံးပြုံးလေးနေသည်။ ဓာတ်ပုံဆရာကလည်း ရိုက်ပေးသည်။ သူသည် ထွေးငယ်၏ ဓာတ်ပုံရိုက်ရန် အိုင်တင်ပေးသည့်ပုံကိုကြည့်ပြီး မသိမသာရယ်မိသည်။ မျက်နှာတွင် လိမ်းထားသော သနပ်ခါးက ပါးကွက်ရာပင်ကောင်းကောင်းမထင်တော့ဘဲ ကွက်တိကွက်ကြားဖြစ်ရာ ဒီကြားထဲ မိခိုင်ကို အတုခိုးပြီး ခပ်ပြုံးပြုံးလေးနေသောကြောင့် ပိုပြီးရယ်ချင်စရာကောင်းသွားသည်။
နောက်နေ့တွင် ဓာတ်ပုံသွားရွေးသောအခါ ဓာတ်ပုံဆိုင်၌ ဓာတ်ပုံဆရာနှင့် ထွေးငယ်သည် တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ မိခိုင်ကိုမူ မတွေ့ရပေ။ ထွေးငယ်က သူ့ကိုမြင်သောအခါ အားကိုးတကြီးပြေးလာပြီး
“ကိုကြီး……ဒီပုံကို ကြည့်စမ်းပါဦး။ ဒီပုံထဲကလူက ထွေးငယ်တဲ့။ ဖြစ်နိုင်ပါ့မလား။ မမကြီးပုံကြတော့ အပြင်ကပုံနဲ့တူပြီး ထွေးငယ်ပုံကြတော့ အပြင်ကနဲ့ တခြားစီပဲ။”ဟု ပြောပြောဆိုဆိုနှင့် သူမလက်ထဲတွင်ကိုင်ထားသော ဓာတ်ပုံလေးကို ထိုးပြသည်။
 သူသည် ထွေးငယ်ပေးသော ဓာတ်ပုံအား ကြည့်လိုက်သည်။ ပုံထဲကထွေးငယ်နှင့် အပြင်က ထွေးငယ်သည် ကွာခြားမှုသိပ်မရှိပေ။ ဓာတ်ပုံထဲက သူမက ကြောင်ချေးရုပ်ပေါက်နေပြီး စပ်ဖြဲဖြဲဖြင့် ရယ်စရာကောင်းကာ အပြင်က ယခုလက်ရှိ သူမရုပ်သည် သနပ်ခါးအဖွေးသားဖြစ်နေ၍ သပ်သပ်ရပ်ရပ် ရှိသည်ဟု ပြော၍ရသည်။
သို့သော် ထွေးငယ် စိတ်ကျေနပ်စေရန်အတွက်
“အင်း…သိပ်မတူဘူးနော်။”ဟု သံယောင်လိုက်၍ ပြန်ပြောလိုက်သည်။
ထွေးငယ်က ခေါင်းညိတ်ပြီး ဓာတ်ပုံဆရာဘက်လှည့်ကာ
“ကဲ…. ကြားပြီလား …. ဦး။ အဲဒါ သမီးပုံမဟုတ်ဘူးတဲ့။ တခြားတစ်ယောက်ပုံနဲ့ သမီးပုံနဲ့ မှားသွားတာနေမှာပါ။”ဟု ပြောသည်။
ဓာတ်ပုံဆရာက စိတ်နောက်နေသည့်ပုံဖြင့်
“သမီးလေးက ကိုယ့်ကိုကိုယ် မှန်ထဲမှာ  ပြန်မကြည့်ဖူးဘူးထင်တယ်။ နောက်တစ်ခါဆို မှန်ကြည့်ပြီးမှ ဓာတ်ပုံရိုက်ရတယ်ကွဲ့။”ဟု စိတ်အင်မတန်မရှည်တော့သည့်လေသံဖြင့် ပြန်ပြောသည်။
ထိုအခါ ထွေးငယ်သည် ဆိုင်ထဲရှိ နံရံတွင် ချိတ်ထားသည့်မှန်ဆီသွားကာ သူမကိုယ်သူမ မှန်ကြည့်သည်။ ထို့နောက် ဓာတ်ပုံဆရာဘက်ပြန်လှည့်ကာ
“မတူပါဘူး ဦးရဲ့။”ဟု ထပ်ပြောသည်။
ဓာတ်ပုံဆရာက ခေါင်းခါရမ်းပြီး
“အခုနေကြည့်ခိုင်းတာမဟုတ်ဘူး။ ဆော့လို့ဝတော့မှ မှန်ထဲကြည့်ကြည့် ဓာတ်ပုံထဲကနဲ့ အတူတူပဲဆိုတာ တွေ့ရလိမ့်မယ်။”ဟု သူစိတ်မရှည်တော့ကြောင်းကို ပြသသည့်အနေဖြင့် သူ့ဓာတ်ပုံကို ဆောင့်ကြီးအောင့်ကြီးလှမ်းပေးသည်။ သူသည် ဆက်နေပါက ထွေးငယ်နှင့် ဓာတ်ပုံဆရာတို့ ကပြောင်းကပြန်ဖြစ်ပြီး ရန်ဖြစ်ကြတော့မည့်အရေးတွေးမိသဖြင့် ထွေးငယ်အား ဆွဲခေါ်ကာ
“လာပါ…ညီမလေးရယ်။ နောက်မှ ထပ်ရိုက်ကြတာပေ့ါ။”ဟု ချော့မော့ ခေါ်လာရသည်။ ထွေးငယ်သည် အင်မတန်စွာသော ကောင်မလေးတစ်ဦးပင်ဖြစ်တော့သည်။
အောင်စာရင်းတွေထွက်ပြီးသောအခါ  မိခိုင်နှင့်သူသည် ရေစက်ကုန်မသွားသေးဘဲ တက္ကသိုလ်တက်ရာတွင် ပြန်နီးခဲ့ပါသည်။ မေဂျာတူတူ၊ အိမ်နီးနားချင်း ငယ်သူငယ်ချင်းများဖြစ်သဖြင့် စာမေးပွဲနီးတိုင်း စာအတူတူ လုပ်ဖြစ်ခဲ့သည်။ ရုပ်ရည်ချောမောသော မိခိုင်အား ရည်းစားစကားပြောသူများသည် မေဂျာစုံမှ ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ မိခိုင်သည် သူနှင့်စာလုပ်တိုင်း ရယ်စရာလုပ်ပြီးပြောတတ်သည်။
ဥပမာ သူ့ကိုလိုက်နေသော ကောင်လေးတစ်ယောက်သည် သူငြင်းလိုက်သည့်အတွက် နေမကောင်းဖြစ်ပြီး ကျောင်းမတက်နိုင်သည့်အကြောင်းများ သူမပြန်ကြားသောအခါ စာလုပ်နေရင်း
“အဲဒီအကောင်က အရူးပါဟာ. ငါ့ကိုမရရင် သေတော့မလိုဖြစ်ပြီး မရတော့လဲ တကယ်သေရဲတာလဲမဟုတ်ဘဲနဲ့။”ဟု ရယ်စရာလုပ်ပြီး ပြောတတ်ရာ မိခိုင်၏ လှောင်ပြောင်ခြင်း၌ မပါဝင်လိုသော သူသည် နှုတ်ပိတ်၍သာ နေခဲ့သည်။ အဘယ့်ကြောင့် ဖွင့်မပြောရဲသည်ကို သူနားမလည်ပေ။
တစ်ဖက်တွင်လည်း ထွေးငယ်သည် အပျိုအရွယ်ရောက်လာပြီဖြစ်သည်။ သို့သော် မိခိုင်နှင့် ခြားနားစွာပင် အဆော့မက်နေတုန်းဖြစ်သည်။ ခုနှစ်တန်းရှစ်တန်းအရွယ်တွင် ဘောလုံးကန်၊ ကြိုးခုန် စသည့် ကစားနည်းများအား မက်မက်မောမော တွယ်တာနေတုန်းဖြစ်သည်။
ထူးခြားသည်ကတော့ သူ့အိမ်သို့ သိပ်မလာတော့ခြင်းဖြစ်သည်။ ထွေးငယ်ရောက်မလာသဖြင့် သရက်ပင်ကြီးသည်လည်း အထီးကျန်နေသည်။ တစ်ခါတစ်ရံတွင် ထွေးငယ်သည် သူနှင့် မိခိုင် စာလုပ်မလုပ် မသိမသာ ချောင်းရင်းရောက်လာတတ်သည်။ ဟိုဟာရှာသလို သည်ဟာရှာသလိုဖြင့် မသိမသာ အကဲလာခတ်တတ်သည်။ သူမ၏ ကြောင်လေးဖြစ်သော ကျားကြီးနှင့်အတူ ခြံဝန်းထဲ၌ ဆော့ရင်း သူတို့နှစ်ဦး စာကြည့်နေရာသို့ မသိမသာ လှမ်းကြည့်တတ်သည်။
ထိုကဲ့သို့ လာသည်မှ လွဲ၍ ကျန်သည့်အချိန်များတွင် မလာတော့ပေ။ နောက်အတန်ကြာမှသာ ထွေးငယ်တစ်ယောက် အိမ်သို့ရောက်မလာတော့သည့်အကြောင်းရင်းကို သူသိရသည်။ ခုနှစ်တန်းအရွယ်ထွေးငယ်သည် သူမ၏ အတန်းဖော်များနှင့်အတူ ရပ်ကွက်ထဲရှိ ဘုန်းကြီးကျောင်း ဇရပ်ပျက်၌ အဖွဲ့ကျပြီး မျောက်ရှုံးအောင်ဆော့နေသည်ဆိုသည့် သတင်းကို မိခိုင်ထံမှ ပြန်ကြားရသည်။
“အငယ်မက လွယ်တာမဟုတ်ဘူး။ မေမေဆို အငယ်မကြောင့် စိတ်ညစ်နေတယ်။ အရွယ်က မငယ်တော့ဘူး။ အဲဒါတောင် ကောင်လေးတွေနဲ့ ပခုံးဖက်ပြီး ဆော့နေတုန်းပဲ။ အခုလည်း လူကြီးတွေလစ်ရင် အိမ်က ထွက်ထွက်သွားပြီး ဘုန်းကြီးကျောင်း ဇရပ်ပျက်မှာ သူငယ်ချင်းတစ်သိုက်နဲ့ ဆော့နေတယ်လေ။ ငါ့တုန်းက ငြိမ်ခဲ့သမျှ အငယ်မကတော့ ကဲနေတာပဲ။”ဟု ညည်းညူပြမှသာ ထွေးငယ်တစ်ယောက် သူ့ခြံထဲရှိ ကျယ်ပြန့်သော မြေကွက်လပ်ထက် အပေါင်းအသင်းတွေဖြင့် ဆော့ရသော ဘုန်းကြီးကျောင်းဇရပ်ပျက်ကိုသာ အာရုံပိုကျနေသည်။ သူကလည်း တက္ကသိုလ်ကျောင်းသားအရွယ်မို့ ထွေးငယ်နှင့် မဆော့နိုင်။ ဆော့ရန်လည်း စိတ်မဝင်စား။
တက္ကသိုလ်က အသင်းအဖွဲ့တွေနှင့် အချိန်ကုန်လိုက်၊ သူ့သူငယ်ချင်းအိမ်တွင် စုပြီး ဂစ်တာတီးလိုက်ဖြင့် ဆိုရှယ်ကျသော တက္ကသိုလ်ကျောင်းသားဘဝကို နှစ်ခြိုက်နေမိသည်။ မိခိုင်ကလည်း သူ့နည်းတူပင်။ ကျောင်းတွင်ဘာပွဲရှိရှိ အမြဲတက်သည်။ ထို့ကြောင့် ကျောင်းတွင်ကျင်းပလေ့ရှိသော အထိမ်းအမှတ်ပွဲများသည် မိခိုင်မရှိပါက ပွဲမစည်သလို ဖြစ်ရသည်။
မိခိုင်က ကျော့ကျော့မော့မော့ဖြင့် ကျောင်းတက်နေသည့်အချိန်တွင် ထွေးငယ်က ဘောင်းဘီတိုတိုဝတ်ပြီး ဘုန်းကြီးကျောင်းဇရပ်ပျက်၌ ခြောက်နှစ်အရွယ် ကလေးတစ်ဦးကဲ့သို့ ဆော့နေသည်။
                                                                                      16.7.2011 (SAT)
မိခိုင်ထိုအရွယ်က ဆော့ဖို့နေနေသာသာ အိမ်ထဲကအိမ်ပြင်ပင် မထွက်ပေ။ သူနှင့်လည်း ခပ်တန်းတန်းဖြစ်သွားသည်။
မိခိုင်နှင့် ပတ်သတ်၍ ဆယ်ကျော်သက်ဘဝကတည်းက တည်ရှိခဲ့သော အစိုင်အခဲကြီးသည် ကြီးမားလာခြင်းလည်းမရှိသလို သေးငယ်သွားခြင်းလည်းမရှိပေ။ ဒုံရင်းအတိုင်းသာ ရှိနေသည်။ သူသည် မိခိုင်ကို ဖွင့်၍လည်းမပြောချင်ပေ။ မိခိုင်က ငြင်းလိုက်ပါက သူနှင့်မိခိုင်ကြားတွင်ရှိသော သူငယ်ချင်းသံယောဇဉ်သည် ရုတ်ခြည်းကွယ်ပျောက်သွားမည်ကို သူစိုးရိမ်မိသည်။
အချိန်ကာလတစ်ချို့ ကုန်ဆုံးသွားသောအခါ ထွေးငယ်သည် သူမ၏ ငယ်သူငယ်ချင်းကြီးဖြစ်သော သရက်ပင်ကြီးဆီသို့ တစ်ကျော့ပြန်ရောက်လာသည်။ ရိုးရိုးတန်းတန်းရောက်လာသည်မဟုတ်။ သရက်ပင်ခွကြား၌ လွန်ခဲ့သော နှစ်များက ဝမ်းနည်းပက်လက် ငိုခဲ့သလို ငိုနေသည်။ အရင်တစ်ခါနှင့် ကွာခြားသည်က အော်ပြီး ကလေးတစ်ယောက်ကဲ့သို့ ငိုသည်မဟုတ်ဘဲ အသံမထွက်အောင် ရှိုက်ရှိုုက်ပြီး ငိုနေခြင်းဖြစ်သည်။ ထိုနေ့က သူသည် သူ့ပြတင်းပေါက်မှန်တံခါးနှင့် သရက်ကိုင်းအချို့ ထိနေသည်ကို သတိထားမိရာ လွန်ခဲ့သော နှစ်များက ထွေးငယ်တစ်ယောက် မှန်တံခါးလာခေါက်သည်ကို သတိရပြီး ထွေးငယ်အကြောင်း စဉ်းစားနေချိန်ဖြစ်သည်။
နားထဲတွင် ငိုရှိုက်သံတစ်ခုကြားသောအခါ တစ်ခါကြုံတွေ့ခဲ့ဖူးသော အတွေ့အကြုံအရ သရက်ပင် ပင်စည်ဂွကြားသို့ လှမ်းကြည့်လိုက်သည်။ ထိုဂွကြား၌ အရပ်ပိုရှည်လာသော ထွေးငယ်သည် ခြေနှစ်ချောင်း တွဲလောင်းချထားပြီး အပင်ဂွကြား၌ ထိုင်ကာ ငိုနေသည်။ မည်သည့်အကြောင်းအရင်းကြောင့် ငိုနေသည်ကို မသိရသော်လည်း သူသည် အိပ်ခန်းထဲမှ ထွက်ပြီး ထွေးငယ်ရှိရာ သရပ်ပင်အောက်သို့ ရောက်သွားသည်။ ထွေးငယ်သည် သူသရက်ပင်အောက်၌ ရှိနေသည်ကို မမြင်ပေ။ အဝေးသို့သာ ငေးနေပြီး တစ်စုံတစ်ခုအကြောင်း တွေးရင်း တစ်စိမ့်စိမ့် ဝမ်းနည်းလာသလို ငိုရှိုက်နေသည်။
သူသရက်ပင်ပေါ်တက်သွားတော့မှ အောက်သို့ တစ်ချက်လှမ်းကြည့်သည်။ သူ့ကိုမြင်မြင်ချင်းပင် မျက်ရည်များကို သုတ်ပစ်သည်။
“သုတ်မနေနဲ့တော့…..ကိုကြီး မြင်ပြီးပြီ။”
ထွေးငယ်သည် ဘာမှပြန်မပြောဘဲ သူ့ကိုကြည့်နေရာမှ မျက်နှာလွှဲသွားသည်။
သူသည် ထွေးငယ်ထိုင်နေရာ သရက်ပင် ပင်စည်ဂွကြား၌ ထိုင်လိုက်သည်။
“ဒီတစ်ခါ ဘယ်သူက အနိုင်ကျင့်တာလဲ။” ဟု မေးလိုက်သည်။
ထွေးငယ်သည် ခေါင်းသာ ခါရမ်းပြသည်။
“ဘယ်သူက အနိုင်ကျင့်တာလဲပြော…………ငါ့ညီမကို အနိုင်ကျင့်တဲ့လူကို ကိုကြီး ဆုံးမပေးမယ်။”
“အနိုင်ကျင့်တာမဟုတ်ဘူး။ ဝမ်းနည်းလို့ငိုတာ။”ထွေးငယ်သည် ရှိုက်သံတစ်ဝက်ရောနေသော အသံဖြင့်ပြန်ပြောသည်။
“ဘာဖြစ်လို့ ဝမ်းနည်းရတာလဲ။”
“ဝမ်းနည်းတာပေ့ါ။ ထွေးငယ်သူငယ်ချင်းတွေက ထွေးငယ်ကို ယောကျင်္ားလျာတဲ့။ သူတို့နဲ့ လာမပေါင်းနဲ့လို့ ပြောတာကိုး။ ထွေးငယ်ကမှ ယောက်ျားလျာ မဟုတ်တာ။”
ထိုအခါမှပင် သူသည် ထွေးငယ်ကို အသေအချာကြည့်မိသည်။ ငယ်စဉ်ကကဲ့သို့ ဆံပင်တိုတိုမဟုတ်သော်လည်း ထိုစဉ်က ခေတ်စားသော ဒိုင်ယာနာကေလိုလို ဘုတ်သိုက်ကေဖြင့် ဝတ်ထားသည့် အဝတ်အစားမှာလည်း ဘောင်းဘီတိုနှင့် စပို့ရှပ်အကျင်္ ီ ဖြစ်ရာ မြင်သည့်သူတိုင်းကတော့ ရုတ်တရက် ယောက်ျားလေးဟု ထင်မြင်သေချာသည်။ သူသည်ပင် ထွေးငယ်အား ယောက်ျားစိတ်ပေါက်နေသည်ဟု ထင်ခဲ့မိသေးသည်။ သို့သော် ထွေးငယ်စိတ်ချမ်းသာစေရန်
“သူငယ်ချင်းတွေပြောတာ ဘာလို့ ဒုက္ခခံပြီး စိတ်ထဲမှာ ထားနေမှာလဲ။ ကိုယ်မှ မဟုတ်တာ။ သူတို့က လာမပေါင်းနဲ့လို့ပြောလည်း သွားမပေါင်းနဲ့ပေ့ါ။ အခြားသူငယ်ချင်းတွေရှိသားပဲ။”ဟု ပြန်ပြောလိုက်သည်။
“ဒါပေမယ့် သူတို့နဲ့က ငယ်ငယ်ကတည်းက ပေါင်းလာတာလေ။” ထွေးငယ်သည် စိတ်မရှည်သည့် အသံဖြင့်ပြန်ပြောသည်။
သူသည် ဘာဆက်ပြောရမည် မသိတော့ပေ။ သို့သော် ဝမ်းနည်းနေသော ထွေးငယ်ကိုမြင်သောအခါ သနားမိသည်။ ထိုနေ့က ထွေးငယ်ကို သူအတော်ကြာကြာချော့လိုက်ရသည်။ ဆက်မငိုတော့မှသာ ဟင်းချနိုင်သည်။
သူငယ်ချင်းအပေါင်းအသင်းမရှိတော့သည့် ထွေးငယ်သည် မရိုးနိုင်သော သူမကျက်စားရာ သူ့ခြံထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ငယ်ငယ်ကလို ခြံထဲ၌ အမြဲဆော့နေသည်တော့မဟုတ်ပေ။ တစ်ချိန်တစ်ခါက မိခိုင်ကဲ့သို့ သူ့အဘိုး စာကြည့်ခန်းထဲမှ စာအုပ်များကို မွှေနှောက်ပြီး စာဖတ်စပြုလာသည်။ သူမနားမလည်သည့် စာကြောင်းများကို တွေ့ပါက အဘိုးကို သွားမေးသည်။ သူတို့မိသားစုတွင် အဘိုးသည် အကြီးအကဲတစ်ဦးဖြစ်သည့်အလျောက် မည်သူကမှ တော်ရုံစကားသွားမပြောရဲပေ။ သူ့အဖေသည်ပင် လျှင် အကြောင်းရှိမှ စကားပြောသည်။ သူကလည်း အဘိုးနှင့် သိပ်ရောသည်မဟုတ်။ ဤသို့ဖြင့် အဘိုးသည် အဘွားဆုံးသွားကတည်းက စကားပြောဖော်မဲ့သွားခဲ့သည်။ ယခု ထွေးငယ်နှင့်တွေ့တော့မှ အဘိုး၏ စကားသံများကို သူ့အိမ်အတွင်း၌ ပြန်ကြားရသည်။
အရာရာတွင် ဒေါသကြီးပြီး စိတ်တိုလွယ်သော သူ့အဘိုးသည် ထွေးငယ်၏ ကပ်သီးကပ်ဖဲ့ မေးခွန်းများကို စိတ်ရှည်လက်ရှည် ရှင်းပြသည်ကို တွေ့ရသောအခါ အိမ်သားအားလုံး အံ့သြရပြန်သည်။ မိခိုင်နှင့်သူ စာလုပ်နေသည့်အချိန်တွင် ထွေးငယ်သည် သူ့အဘိုးနှင့် စာပေအကြောင်း ဆွေးနွေးနေသည့်အချိန်ဖြစ်သည်။ သူ့ဘိုးကလည်း ထွေးငယ်အား အမြဲလိုလို ချီးကျူးသည်။ ထွေးငယ်အား ချီးကျူးသည့် ပုဂ္ဂိုလ်ဟူ၍ သူ့အဘိုးတစ်ယောက်သာ တွေ့ဖူးသည်။
မည်သို့ပင်ဖြစ်စေ ထွေးငယ်သည် အဆော့မက်သော ကလေးတစ်ဦးအဖြစ်မှ စာဖတ်ဝါသနာပါသော ကလေးတစ်ဦးဖြစ်လာသည်။ ရံဖန်ရံခါတွင် သရက်ပင်ဂွကြား၌ ထိုင်ပြီး စာအုပ်ဖတ်လေ့ရှိသည်။ ထွေးငယ်နှင့် မိခိုင်တို့နှစ်ဦးတွင် ညီအစ်မ အဖြစ် တူညီသည့်အချက်မှာ နှစ်ယောက်စလုံး စာဖတ်သည့်အချိန်တွင် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်သည်။
************************************
တစ်ခုသော မိုးရာသီတစ်ရက်တွင် ထွေးငယ်သည် သရက်ပင်ဂွကြား၌ ထိုင်ပြီး စာဖတ်နေသည်။ အနောက်တောင်ဆီမှ တစ်လှိမ့်လှိမ့်တက်လာသည့် မိုးတိမ်ကြီးကို မမြင်ဘဲ သူမ၏ ဖတ်လက်စ စာအုပ်ထဲ၌သာ အာရုံကို မြှပ်နှံထားသည်။ ထိုနေ့က သူသည် ကျောင်းမှ ပြန်လာသည့်အချိန်ဖြစ်ရာ ကားဂိုဒေါင်ထဲ၌ ကားသွားသိမ်းပြီး ထွက်လာသည့်အချိန်တွင် ဂိုဒေါင်ဘေး၌ ရှိသော သရပ်ပင်ပေါ်၌ စာဖတ်နေသော ထွေးငယ်ကို လှမ်းမြင်ရသည်။
တစ်လောကလုံး မှောင်မည်းသွားသည်ကို သတိထားမိပုံမရသော ထွေးငယ်သည် စာအုပ်ထဲ၌သာ နစ်မြောနေသည်။ သူက လှမ်းအော်တော့မှ တလှိမ့်လှိမ့်တက်လာသော မိုးတိမ်ကြီးကို မော့ကြည့်သည်။ သို့သော် အောက်သို့ဆင်းမလာသေးဘဲ
“ကိုကြီး………အပေါ်တက်ခဲ့ပါ့လား။ ဒီကနေပြီး မိုးတိမ်တွေကို ကြည့်ရတာ အရမ်းမိုက်တယ်။”လှမ်းအော်ပြောသည်။
“ဟာ…….ဘာလို့ကြည့်မှာလဲ။ ဟိုမှာ မိုးတွေလာနေပြီ။  ရွာတော့မှာ. မြန်မြန်ဆင်းခဲ့။ တော်ကြာမိုးမိရင် ဖျားဦးမယ်။”ဟု သူက ပြန်လှမ်းအော်လိုက်သည်။
သို့သော် ထွေးငယ်သည် မည်သည့်အခါကမှ သရက်ပင်ပေါ်က ဆင်းခိုင်းတိုင်း အသာတကြည်ဆင်းသည့်သူ မဟုတ်သည့်အတွက် သူ့အနေနှင့် သရက်ပင်ပေါ်သို့ တက်သွားရန်မှ တပါး ရွေးချယ်စရာမရှိပေ။
သူသရက်ပင်ပေါ်ရောက်သွားသောအခါ ထွေးငယ်ပြသည့် အနောက်တောင်ဘက်မှ မိုးတိမ်ကြီးများအား ကြည့်မိလိုက်သည်။ ထွေးငယ်ပြောသည်မှာ မှန်သည်။ ထိုကဲ့သို့ မိုးတိမ်များတက်လာသည်ကို ယခုကဲ့သို့ အပင်ပေါ်မှ နေ၍ မမြင်ဘူးခဲ့ပေ။ လောကကြီး အမှောင်ကျသွားပုံ။ ပတ်ဝန်းကျင်ရှိ အပင်များသည် လေ၏အစွမ်းကြောင့် ယိမ်းနေပုံ။  စသည့် သဘာဝ အလှသည် ပြောစမှတ်ပြုရလောက်အောင်ပင် လှပသည်။
သို့သော် အပင်ပေါ်၌ ကြာကြာမနေရဲပေ။ မိုးက ရွာစပြုလာပြီဖြစ်သည်။ ထို့ကြောင့် အောက်ဆင်းရန် ပြောလိုက်သည်။ ထွေးငယ်သည် ယခုတစ်ကြိမ်တွင် ခေါင်းညိတ်လက်ခံသည်။ နှစ်ယောက်လုံး သရက်ပင်ပေါ်မှ ဆင်းကြသောအခါ မိုးက တော်တော်လးသည်းနေပြီဖြစ်သည်။ သည်ကြားထဲ ထွေးငယ်သည် ချော်လဲလိုက်သေးသည်။ အိမ်ရှေ့ ပေါ်တီကိုအောက်ရောက်တော့ နှစ်ယောက်စလုံး တော်တော်လေးစိုနေပြီဖြစ်သည်။ သို့သော် သူမလက်ထဲမှ စာအုပ်သည် အိမ်ထဲပြေးလာစဉ်က သူမရင်ခွင်ထဲ အပ်ပြီး ပြေးလာသဖြင့် မစိုပေ။
ထိုနေ့က ထွေးငယ်သည် သူ့အမေ၏ ထမီနှင့်အကျင်္ီ လဲဝတ်ရသည်။ သူမအိမ်ပြန်ရန် မိုးကလည်းသည်းနေသေးရာ စိုနေသော အဝတ်များဖြင့် ကြာရှည်နေရန်လည်း မဖြစ်နိုင်သဖြင့် သူ့အမေလှမ်းပေးသော ထမီနှင့် အကျင်္ီကိုသာ လဲဝတ်လိုက်ရသည်။ သူ့အမေ၏ လူကြီးပုံစံအကျီနှင့် ထမီသည် သေးကွေးလှသော ထွေးငယ်ကိုယ်ပေါ်၌ လိုက်ဖက်မှုကင်းစွာ တွေ့ရသည်။ ကျောင်းစိမ်းထမီနှင့်အကျင်္ီမှလွဲ၍ ကျန်သည့်အချိန်များ၌ ဘောင်းဘီတိုသာ ဝတ်တတ်သော ထွေးငယ်သည် ပွယောင်းလှသော အကျီနှင့် ရှည်လျားသော ထမီကို အနေရခက်စွာ ဝတ်ဆင်ထားရသည့် အဖြစ်ကိုတွေ့သောအခါ သူရယ်ချင်မိသည်။
မိုးတိတ်သွားသောအခါ သူမပြန်သွားသည်။ မိုးရေစိုနေသော သူမ မူရင်းအဝတ်များကို ပိုက်လျက် ရှည်နေသော ထမီကို လက်ဖြင့်မတင်ကာ ဗွက်အိုင်များက ခုန်ကျော်ပြီး သူ့ခြံထဲမှ ထွက်သွားသည်ကို မြင်ရသောအခါ သူရယ်မိသည်။ အချိန်ကာလတွေ ပြောင်းလဲလာသော်လည်း ထွေးငယ်၏ အမူအကျင့်များသည် ပြောင်းလဲမသွားခဲ့ပေ။
မှန်ပေသည်။
အချိန်ကာလ ဘယ်လောက်ကြာကြာထွေးငယ်သည် ပြောင်းလဲမသွားသော်လည်း မိခိုင်သည် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့သည်။ တက္ကသိုလ် နောက်ဆုံးနှစ်တွင် စိုးဇေယျာဟု ခေါ်သော လူတစ်ဦးနှင့် ရည်းစားဖြစ်သွားသည်။ ထိုအချိန်မှစ၍ သူနှင့် ပြန်ပြီး အနေဝေးသွားရသည်။ မိခိုင်ရည်းစားရသွားသည်ကို ထွေးငယ်သိသောအခါ သူ့ဆီလာပြီး
“ကဲ……… အခုတော့ ဘာဆက်လုပ်ဦးမှာလဲ။ မွေးကတည်းက အိမ်နီးနားချင်းဖြစ်ခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်လောက် သူငယ်ချင်းဖြစ်ခဲ့တဲ့ဟာကို သူများလက်ထဲအပါခံတော့မယ်ပေ့ါ။ ကိုကြီးက သတ္တိမရှိဘူး။ ကြိုက်ရင်ကြိုက်တယ်ပေ့ါ။ မမကြီးကို ပြောလိုက်ရင်ရတဲ့ဟာကို။ ခုတော့ မမကြီးက တခြားတစ်ယောက်ရဲ့ ရည်းစားဖြစ်သွားပြီ။ ဘယ်တော့မှ ဖွင့်ပြောမှာလဲ။ မမကြီး ယောကျ်ားယူပြီးမှလား။”ဟု မကျေမနပ် အပြစ်လာတင်သည်။
ထိုကလေးမလေးသည် သူမိခိုင်ကို ချစ်နေသည်ကို မည်သည့်နည်းဖြင့် ရိပ်မိသည်မသိ။ ကာယကံရှင် မိခိုင်ကတော့ ရိပ်မိသည့် လက္ခဏာပင် မပေါ်ပေ။ မိခိုင်ရည်းစားရသွားသော်လည်း သူအရမ်းကြီး မခံစားရ။ အစကတည်းက စိတ်လျော့ထားသည့်အတွက် သူအနေရ သက်သာသည်။ ဘေးကနေ၍ မကျေမနပ်ဖြစ်နေသူက ထွေးငယ်ဖြစ်သည်။ သူမသည် မိခိုင်နှင့် သူ့ကို သဘောတူထားပုံရသည်။ သူ့ကိုမြင်လျှင် ကျေနပ်အားပုံမပေါ်သည့်ပုံဖြင့် ကြည့်နေတတ်သည်။
သူကတော့ သူဘဝကို သည်လိုနေရသည်ကို ကြိုက်သည်။ မိခိုင်နှင့် သူ့ကြား ဆက်ဆံရေးသည် မည်သည့်အခါမှ ကွယ်ပျောက်မသွားမည့် သူငယ်ချင်း ဆက်ဆံရေးမျိုးကို ပိုနှစ်သက်သည်။ မိခိုင်သည် သူမ ရည်းစားနှင့် ပြဿနာတက်သည့်အခါတိုင်း သူ့ဆီလာပြီး ရင်ဖွင့်တတ်သည်။ သူကလည်း အတတ်နိုင်ဆုံး အကြံဉာဏ်ပေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိခိုင်ပျော်နေသည်ကိုသာ မြင်ချင်သည်။
*****************************************
တစ်ခုသော သီတင်းကျွတ်လပြည့်နေ့တွင် ထွေးငယ်သည် သူ့အဘိုးအား တစ်ယောက်တည်း လာကန်တော့သည်။ လာကန်တော့သည်က ဘာသာရေးနှင့်ဆိုင်သည့် တရားစာများဖြစ်သည်။ ထိုစာအုပ်များသည် အဘိုး၏ စာအုပ်စင်၌ မရှိသော စာအုပ်များဖြစ်သည့်အပြင် အလွန်လည်းရှားပါးပေရာ အဘိုးသည် ပီတိဖြာလျက် ထွေးငယ်ကို မုန့်ဖိုးပြန်ပေးသည်။ ထွေးငယ်က ငြင်းသည်။ မုန့်ဖိုးမလိုချင်ဟု ပြန်ပြောသည်။ ဘယ်လိုပေးပေးမရသဖြင့် အဘိုးသည် နောက်ဆုံးတွင် လက်လျော့လိုက်ရသည်။
နောက်မှ သိရသည်က ထိုစာအုပ်များကို ခက်ခက်ခဲခဲရှာရပြီး သူမ၏ စုထားသော မုန့်ဖိုးများနှင့် ဝယ်ယူရသည်ကို သိရသောအခါ သူပိုပြီး လေးစားမိသည်။ မြေးအရင်းဖြစ်သော သူသည်ပင် မည်သည့်အခါကမှ မုန့်ဖိုးစုပြီး အဘိုးဖြစ်သူအား မကန်တော့ဖူးပေ။
ထိုနေ့က လပြည့်နေ့ဖြစ်သဖြင့် ရပ်ကွက်ထဲ၌ မီးရှူးမီးပန်းများ ဖောက်ကြရာ တစ်လောကလုံးသည် ဗြောက်အိုးဖောက်သံများနှင့်သာ ညံနေသည်။ လူကြီးများကလည်း လပြည့်နေ့ တရားနာရန် ဓမ္မာရုံသို့ ထွက်သွားကြပြီဖြစ်ရာ သူတစ်ဦးတည်း အိမ်၌ ကျန်ခဲ့သည်။
ထို့ကြောင့် ခြံထဲဆင်းပြီး လမ်းလျှောက်သည်။ လပြည့်ညတွင် လမင်းကြီးက ထိန်ထိန်သာနေသည်။ လပြည့်ည၏ အလှကို သူမခံစားဖူးပေ။ မည်သည့်အခါကမှလည်း လပြည့်နေ့လိုနေ့မျိုးတွင် ကောင်းကင်ပေါ်သို့ ခံစားချက်တစ်ခုဖြင့် မော့မကြည့်မိပေ။ ထိုလပြည့်ညတွင်တော့ သူကောင်းကင်ကြီးကို မော့ကြည့်မိသည်။ လမင်းကြီးသည် ထိန်ထိန်သာနေသည်။
သူသည် လပြည့်ည အလှခံစားရင်း သရက်ပင်အောက်ရောက်သောအခါ အပင်ပေါ်မှ သစ်ကိုင်းတစ်ခု ပြုတ်ကျလာသဖြင့် အပေါ်မော့ကြည့်လိုက်သည်။ သစ်ပင်ဂွကြား၌ လူတစ်ဦးထိုင်နေသည်ကို မြင်သောအခါ သူရတ်တရက် တော်တော်လန့်သွားသည်။ အလင်းရောင်ကလည်း ကောင်းကောင်းမမြင်ရသည်မို့ မည်သူမည်ဝါ မသဲကွဲသော်လည်း ထိုဂွကြား၌ ထိုင်နေသူမှာ ထွေးငယ်မှ တစ်ပါး အခြားသူ မဖြစ်နိုင်သဖြင့်
“အပင်ပေါ်မှာ ဘာတက်လုပ်နေတာလဲ။”ဟု အောက်မှ လှမ်းအော်လိုက်သည်။
ထွေးငယ်သည် သူ့အသံကြားသောအခါ အောက်သို့ ငုံ့ကြည့်သည်။
“ကိုကြီးက တရားနာ လိုက်မသွားဘူးလား။”ဟု ပြန်မေးသည်။
သူခေါင်းခါပြလိုက်သည်။
“ဒါဆိုအပေါ်တက်ခဲ့ပါ့လား။ ဒီကနေ လမင်းကြီးကို ကြည့်ရတာ အရမ်းလှတယ်။”ဟု ပြောရာ ဘာအလုပ်မှ လုပ်စရာမရှိသည့်အတွက် ထွေးငယ်ပြောသော လမင်းကြီး၏ အလှကို ခံစားရန် အပင်ပေါ်တက်လိုက်သည်။
ထွေးငယ်ပြောသည်မှာ အလွန်မှန်သည်။ မည်သည့်အတားအဆီးမှ မရှိဘဲ ဟာလာဟင်းလင်းပြင်ကဲ့သို့ လမင်းကြီးအား မြင်ရသည်။ တိမ်တွေလည်းမရှိသဖြင့် အရာအားလုံးသည် လှပနေသည်။
“လှတယ်မဟုတ်လား။ ဒီလိုညမျိုးမှာ အခုလို ကြည့်ရတာ ဘယ်လောက်ကောင်းလဲ။ ပြီးတော့ လရဲ့ဘေးမှာ မီးပုံးပျံတွေလည်း အများကြီးပဲ။ မီးရှံူးမီးပန်းတွေ ကိုတောင် မြင်ရသေးတယ်။ လှလိုက်တာနော်။”ဟု ပြောသည်.။
သူသည် ထွေးငယ်၏ စကားကို အကြွင်းမဲ့လက်ခံလိုက်သည်။ ထိုသီတင်းကျွတ်ညသည် မည့်သည့်အခါမှ မေ့နိုင်မည်မဟုတ်သော အလွန်လှပသည့် ညဖြစ်သည်။
ထွေးငယ်နှင့်သူသည် အတန်ကြာစကားမပြောကြပေ။ အတွေးကိုယ်စီဖြင့်ပင် ကောင်းကင်ကို မော့ကြည့်ကြသည်။ ထွေးငယ်ကြောင့်ပင် မိုးတိမ်တွေရွေ့လာသည်ကို မြင်ခဲ့ရသည်။ ထွေးငယ်ကြောင့်ပင် အင်မတန်လှပသော သီတင်းကျွတ်လပြည့်ည၏ အလှကို မြင်တွေ့ရသည်။ ထိုကလေးမလေးသည် အသစ်အဆန်းများကိုသာ သယ်ဆောက်လာသူဖြစ်သည်။ ထိုအချိန်က ထွေးငယ်သည် ဆယ့်ငါးနှစ်ရှိပြီဖြစ်သည်။
*****************************
ထွေးငယ် ဆယ်တန်းနှစ်တွင် သူသည် နယ်မြို့၌ တာဝန်ကျသည်။ နယ်ဟု ခေါ်ရသော်လည်း အင်မတန် ခေါင်ဝေးသည့် ဒေသဖြစ်သည်။ ထိုဒေသသည် သွားရေးလာရေးခက်ခဲသဖြင့် ပထမက ထိုနေရာတွင် တာဝန်ထမ်းဆောင်ရမည်ကို တွန့်ဆုတ်နေသေးသည်။ သို့သော် ထိုနေရာသည် ဆရာဝန်လိုအပ်နေသော နေရာဖြစ်သည်။ သူဖြစ်ချင်သည့် စေတနာ့ဝန်ထမ်းလိုမျိုး ပုဂ္ဂိုလ်မျိုးကို လိုအပ်ရာနေရာဖြစ်သည်။ ထို့ကြောင့်ပင် ထိုဒေသသို့ သူထွက်ခဲ့သည်။
တောင်ပေါ်ဒေသသည် အလွန်သာယာသည်။ ရန်ကုန်မြို့ကဲ့သို့ မွန်းကျပ်သည့်နေရာမဟုတ်။ စိမ်းလန်းသော မြက်ခင်းများရှိသကဲ့သို့ ပကတိရိုးသားဖြူစင်သော တိုင်းရင်းသားများကို တွေ့ရသည်။ ထိုနေရာသို့ စစရောက်ချင်းက အိမ်လွမ်းမိသော်လည်း နေသားကျသွားသောအခါ ထိုဒေသရှိ တိုင်းရင်းသားများအား သံယောဇဉ်တွယ်လာသည်။
သို့သော် သူသည် တစ်စုံတစ်ဦးအား လွမ်းဆွတ်နေမိသည်။ ထိုလွမ်းရသော ဝေဒနာသည် တစ်စတစ်စ ပိုကြီးလာသည်။ ထိုဒေသ၏ မြင်မြင်သမျှ ပတ်ဝန်းကျင်သည် သူလွမ်းဆွတ်ရသည့်လူအား ပိုလွမ်းအောင် ဖန်တီးပေးသကဲ့သို့ဖြစ်သည်။ မူလတန်းအရွယ် ကျောင်းသားကျောင်းသူလေးများကိုမြင်သောအခါ သူပိုပြီးလွမ်းရသည်။ ထိုကျောင်းသားကျောင်းသူလေးများသည် အေးခဲသော ဒေသတွင်နေထိုင်သူများဖြစ်သည့်အတွက် သူတို့ပါးနှစ်ဖက်သည် အသားပက်လျက်နီရဲနေသည်။ ထိုကဲ့သို့ မျက်နှာမျိုးကိုမြင်သောအခါ တစ်ခါက ကြောင်ချေးရုပ်ပေါက်နေသော ကလေးမတစ်ဦးသည် သူ၏ နှလုံးသားဝေဒနာအား အခံရခက်အောင်ပြုလုပ်လျက်ရှိသည်။
နှစ်တွေမည်မျှပင်ကြာစေကာမူ သူ့မျက်လုံးထဲ၌ သရက်ပင်ပေါ်တွင်ထိုင်ပြီး ကြောင်ချေးရုပ်ဖြင့် ငိုနေသော ထွေးငယ်၏ မျက်နှာသည်ကား ဓာတ်ပုံရိုက်ထားသကဲ့သို့ စွဲထင်လျက်ရှိသည်။ တောင်ပေါ်ဒေသသည် သစ်ပင်များပေါသဖြင့် ရန်ကုန်၌ သရက်ပင်တစ်ခုတည်းကိုသာ တက်ရသော ထွေးငယ်သည် ဤဒေသသို့ရောက်ပါက အပျော်ကြီးပျော်မည်မှာသေချာသည်။ သူမကြည့်ချင်သော အနောက်တောင်ဘက်မှ မိုးတိမ်ကြီးဆင်လာပုံ၊ အတားအဆီးမရှိ မြင်ရသော လပြည့်ညများပုံ စသည့် ပန်းချီကားကဲ့သို့သော ရှုခင်းများသည် သူ၏ ဝေဒနာအား ပိုဆိုးအောင် တူးဆွလျက်ရှိသည်။
တစ်ခါတစ်ရံတွင် အနောက်တောင်ဘက်မှ မိုးတိမ်ကြီး ရွေ့လာသည်ကိုမြင်သောအခါ လွမ်းရသော ဝေဒနာကြောင့် မျက်ရည်ပင်လည်ရသည်။ သူသည် ဆယ့်ရှစ်နှစ်အရွယ် ထွေးငယ်၏ ပုံအား စိတ်ကူးဖြင့် ပုံဖော်ကြည့်မိသည်။ သို့သော် ဘာပုံမှထွက်မလာ။ သူထွက်လာစဉ်က လည်ကုတ်လောက်ရှိသော ဆံပင်နှင့် ငယ်စဉ်ကတည်းက ဝတ်လေ့ရှိသော ဘောင်းဘီတိုနှင့် စပို့ရှပ်အကျီဝတ်ထားသော ထွေးငယ်ပုံသည်သာ ပေါ်ပေါ်လာသည်။
သူရန်ကုန်မှ ထွက်လာပြီး လေးနှစ်ပြည့်သောအခါ ရန်ကုန်သို့ အလည်ပြန်လာခဲ့သည်။ တောင်ပေါ်ဒေသမှ ယူဆောင်လာသော တစ်ခုတည်းသော အရာမှာ ထွေးငယ်အား ဖွင့်ပြောရန်ဖြစ်သည်။ သည်တစ်ခါတွင်တော့ သူအဆုံးရှုံးမခံနိုင်ပေ။
သို့သော် ကံကြမ္မာသည် မျက်နှာသာမပေးပေ။ သူရန်ကုန်ရောက်သောအခါ ထွေးငယ်သည် နိုင်ငံခြားတွင် ကျောင်းသွားတက်နေသဖြင့် သူမအားဖွင့်ပြောရန် ဝေးစွ။ တွေ့ဆုံခွင့်ပင်မရခဲ့။ မိခိုင်မှာမူ ကလေးအမေပင်ဖြစ်နေပြီဖြစ်သည်။ သမီးလေးမွေးထားသော မိခိုင်သည် တစ်သားမွေးတစ်သွေးလှသကဲ့သို့ ပိုပြီးနုပျိုလှပနေသည်။ သူနှင့်တွေ့သည့်အခါ သူ့သမီး အဆော့သန်ပုံများအား အကျယ်တဝင့်ပြောပြလေ့ရှိသည်။
“ငါ့သမီးက ငါက မွေးထားတယ်ဆိုတာ ဘယ်သူမှ ယုံကြမှာမဟုတ်ဘူး။ အငယ်မမွေးတယ်လို့သာ ထင်ကြမှာ။ ဆော့လိုက်တာလည်းပြောမနေနဲ့။ သူ့အဖေနဲ့ တူရအောင်ကလည်း သူ့အဖေက ငါ့လိုအေးအေးနေတတ်သူပါဟယ်။ ငါတို့သမီးကျမှ ဘယ်လိုဖြစ်ပြီး အခုလို အဆော့သန်လဲတော့ မသိပါဘူးဟယ်။”
သူသည် မိခိုင်၏ သမီးဆိုသည့် နှစ်နှစ်အရွယ်ကလေးမလေးအား တစ်ခါတွေ့ခဲ့ရသည်။ မိခိုင်ပြောသည်မှာ မှန်သည်။ ထိုကလေးလေးသည် ထွေးငယ်ကဲ့သို့ အငြိမ်နေတတ်သူမဟုတ်။ ပြေးလွှားဆော့နေသူသာဖြစ်သည်။
မိခိုင်က သူ့အခြေအနေမေးသည်။ သူ့တွင်ပြန်ပြောစရာ စကားမရှိပါ။ တစ်အိုးတစ်အိမ်ထူထောင်ပြီး ကလေးပင်ရနေသော မိခိုင်မေးသော မေးခွန်းများကို ပြန်ဖြေရန် သူ့တွင် အဖြေမရှိခဲ့။ ရန်ကုန်တွင် နှစ်ပတ်မျှနေပြီး သူတာဝန်ကျသည့် တောင်ပေါ်ဒေသသို့ နောက်တစ်ခေါက်ပြန်လာခဲ့ရသည်။
ဤတစ်ခေါက်သည် ပထမတစ်ခေါက်ထက် ဝေဒနာတွေပိုလျှံလာခဲ့သည်။
************************************

သူ၏ လွမ်းရသော ဝေဒနာသည် တစ်နေ့တစ်ခြားပိုဆိုးလာခဲ့သည်။ မြင်မြင်သမျှ အရာအားလုံးသည် လွမ်းမောနေရသည်။ ထိုဝေဒနာအား ဆရာဝန်ဖြစ်သော သူသည် မကုသနိုင်သဖြင့် လက်မှိုင်ချနေရသည်။
နောက်နှစ်နှစ်ခန့်ကြာပြီးနောက် ရန်ကုန်သို့ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။ ယခုအကြိမ်သည် သူ၏ ဆုတောင်းများ ပြည့်ခဲ့ရသည်။ သူချစ်သော ထွေးငယ်အား တွေ့ဆုံခွင့်ရခဲ့သည်။ သို့သော် သူမျှော်လင့်ခဲ့သော ဆုံတွေ့မှုမျိုးတော့မဟုတ်။
ဒုတိယတစ်ခေါက်ပြန်ရောက်ခဲ့သော နေ့က သူသည် အိမ်ထဲဝင်လိုက်သည်နှင့် တစ်အိမ်လုံးခြောက်ကပ်နေသည်ကို ခံစားမိသည်။ သူပြန်လာမည်ကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိပေ။ ရုတ်တရက်ခွင့်ရသည့်အချိန်တွင် အမောတကော အပြေးလာခဲ့ခြင်းဖြစ်သည်။ သူ့ခြံထဲတွင် နွေဦးရာသီ၏ သာယာသော ဥသြငှက်၏ သီဆိုသံမှအပ အရာအားလုံးတိတ်ဆိတ်နေသည်ကို ခံစားမိသည်။
အိမ်ထဲဝင်လိုက်သောအခါ ထမင်းချက်အဒေါ်ကြီးက သူ့ကိုမြင်သွားသဖြင့် လန့်ပင်လန့်သွားသေးသည်။
“အိမ်ကလူတွေကော။…………..” သူသည် ခရီးဆောင်အိတ်အား ချပြီး မေးလိုက်သည်။ ဘာကြောင့်ရယ်မသိ။ သူ့စိတ်သည် ရုတ်တရက်လေးလာပြီး တစ်စုံတစ်ခုအား ကြောက်ရွ့ံမိသလို ခံစားရသည်။
“ဒီနေ့ ထွေးငယ်ရဲ့ မင်္ဂလာဆောင်လေ။ ဆရာတို့ အခုပဲထွက်သွားကြတာ။”ဟု ထမင်းချက်အဒေါ်ကြီး၏ ပြောသံကြားသောအခါ သူ့ခေါင်းသည် မိုးကြိုးပစ်သလို ထူပူသွားသည်။ ဘာကိုမှ မမြင်နိုင်သလိုလည်းဖြစ်သွားသည်။ မိုင်ပေါင်းစွာကွာဝေးသည့်နေရာကနေ ရန်ကုန်အထိ လာခဲ့ပြီး ဒီရောက်တော့မှ ကြားလိုက်ရသည့် သတင်းက ရင့်နင့်စရာပင်ဖြစ်သည်။ လမ်းတစ်လျှောက် တည်ဆောက်လာခဲ့သော အိမ်မက်များ၊ စိတ်ကူးယဉ်ခဲ့သော အကြောင်းအရာတို့သည် လုံးဝပျောက်ကွယ်သွားသည်။
သူမတွေးမိခဲ့။ ထွေးငယ်တစ်ယောက် မင်္ဂလာဆောင်သွားမည်ဟု စိတ်ကူးထဲပင် မြင်ယောင်မကြည့်ခဲ့။ ထိုကဲ့သို့ သူမတွေးခဲ့သောအရာသည် လက်တွေ့တွင် တကယ်ဖြစ်လာခဲ့သည့်အခါ ကြိုတင်ပြင်ဆင်မထားမိခဲ့သဖြင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို သူမသိပေ။ မိခိုင်နှင့်တုန်းက ထိုကဲ့သို့ ဖြစ်လာမည်ကို သူသိထား နားလည်ထားသည့်အတွက် တကယ်ဖြစ်လာသောအခါ ဘာမှ ထွေထွေထူးထူး မခံစားခဲ့ရပေ။
လောကကြီးသည် မတရားဟု မြင်သည့်လူသည် ကမ္ဘာ့လူဦးရေ နီးပါးဖြစ်သည်။ ထိုကဲ့သို့ လူထဲတွင် သူလည်းအပါအဝင်ဖြစ်သည်။ လောကကြီးမတရားပုံ၊ ကံကြမ္မာ မကောင်းပုံကို တွေးပြီး ပူဆွေးနေလျှင် သူဘဝတစ်လျှောက်လုံး အချိန်ပေးရနိုင်သည်။ မည်သူ့ကို အပြစ်တင်ရမှန်းမသိတော့။ လွန်ခဲ့သည့် နှစ်နှစ်က ရန်ကုန်လာကတည်းက ထွေးငယ်နှင့်တွေ့ခဲ့ရဖို့ကောင်းသည်။
တာဝန်ထမ်းဆောင်ခဲ့သော ခြောက်နှစ်တာသည် ထွေးငယ်ဟူသော သူ့ထက် ခုနှစ်နှစ်ငယ်သည့် မိန်းကလေးတစ်ဦးအကြောင်းတွေးရင်း ကုန်ဆုံးခဲ့သည်။ လွမ်းရင်းလွမ်းရင်းပင် ချစ်ခဲ့မိသည်။ အချိန်နှင့်အမျှ သတိရမိသည်။ ယခု ချစ်လွန်း၍ပင် နောက်ထပ် ကာလတစ်ခုအထိ သူလွမ်းရဦးပေမည်။
သူသည် ခရီးဆောင်အိတ်အား ဧည့်ခန်းထဲတွင်ပင် ချထားခဲ့ပြီး မလဲမဖယ်ရသေးသော အဝတ်အစားများဖြင့်ပင် ခြံထဲရှိ သရက်ပင်ရှိရာသို့ လေးကန်သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့မိသည်။ အပင်အောက်ရောက်တော့ တုံ့ဆိုင်းမနေဘဲ အပင်ပေါ်တက်လိုက်သည်။ သရက်ပင်ကြီး၏ ငယ်သူငယ်ချင်းသည် ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု၌ လှပစွာဝတ်စားပြီး ပျော်ရွှင်စွာ မင်္ဂလာပွဲဆင်နွှဲနေသည့်အချိန်တွင် အခြားလူတစ်ဦးသည် ချစ်လှစွာသော ဆွေမျိုးတစ်ဦးသေဆုံးသွား သကဲ့သို့ အလွန်အမင်း ဝမ်းနည်းကြေကွဲနေသည့်ပုံဖြင့် သရက်ပင် ပင်စည်ဂွကြား၌ ခြေနှစ်ချောင်းတွဲလောင်းချပြီး ထို်င်နေမိသည်။
 ဤကမ္ဘာလောကကြီးသည် သူနှင့်လားလားမှ မသက်ဆိုင်တော့သလို အရာရာအား ငေးမောနေမိသည်။ ထိုကဲ့သို့ ငေးမောနေသော်လည်း သူ့မျက်လုံးထဲ၌ ဘာမှမြင်သည်မဟုတ်။ အနီးတွင်ရှိခဲ့ဖူးသော တန်ဖိုးထားရကောင်းမှန်းမသိခဲ့သည့် အရာတစ်ခုက သူ့ဘေးနားမှ ရုတ်တရက်ပျောက်ကွယ်သွားသည့် အတွက် သူအတော် ပူဆွေးနေသည်။ အရာရာသည် ဟာလာဟင်းလင်းဖြင့်ပင် ဗလာနတ္ထိဖြစ်သည်။
          သူ၏ ရင့်နင့်အောင်ချစ်ရသူသည် မိခိုင်ဟု လူတိုင်းက သိကြသည်။ မိခိုင်နှင့်သူသည် ငယ်သူငယ်ချင်းများဖြစ်သလို အိမ်နီးနားချင်းများလည်းဖြစ်သည်။ သူကလည်း အရွယ်ရောက်သည့် ကာလလောက်ကတည်းက မိခိုင်ကို ချစ်ခဲ့မိသည်။
          သို့သော် သူယခုခံစားနေရသော ဝေဒနာသည် မိခိုင်နှင့် လားလားမှ မသက်ဆိုင်ပါ။ ထို့အတွက် သူပိုပြီး ယူကျုံးမရဖြစ်မိသည်။ အဘယ့်ကြောင့် မိခိုင်မဟုတ်သော လူတစ်ယောက်အတွက် သူနာနားကျင်ကျင် ခံစားနေရသည်ကို သူကိုယ်တိုင်ပင် နားမလည်ပေ။ သေချာသည်ကတော့ အသက် ၃ဝအရွယ်သူသည် သုံးနှစ်သားကလေးတစ်ဦးလို ချုံးပွဲချ ငိုချင်နေမိသည်။
*****************************************




Comments

Popular posts from this blog

Evermore Album Review

ကျွန်မ မချစ်တတ်ခဲ့သော ယောက်ျား

ထွေးငယ်