ကျွန်မ မချစ်တတ်ခဲ့သော ယောက်ျား

 ကျွ မချစ်တတ်ခဲ့သော ယောကျ်ား အချိန်အတိုင်းအတာ တစ်ခုထိတော့ ကျွန်မ သူ့ကိုသတိရနေသည်မှာ သေချာသည်။ ပတ်သတ်ခဲ့ဖူးသော အကြောင်းအရာများ၊ ပြောခဲ့ဖူးသော အကြင်နာစကားများ၊ နမ်းခဲ့ဖူးသော အနမ်းများ စသဖြင့် သူနှင့်ပတ်သတ်သော အရာအားလုံးသည် ပြီးဆုံးသွားနိုင်ရန်အတွက် အချိန်တစ်ခုတော့ ယူရမည်ကို ကျွန်မသိသည်။ မိုးတွေရွာသည်ဖြစ်စေ၊ နေသာနေသည်ဖြစ်စေ၊ မြူတွေဆိုင်းနေသည်ဖြစ်စေ သုံးနှစ်တာ အတူရှိခဲ့သော အချိန်ကာလတစ်ခု၏ မှတ်တမ်းမှတ်ရာများသည် ကျွန်မ၏ ဦးနှောက်၌ အမြဲတစေ စိုးမိုးထားနိုင်ခဲ့သည်။ အချစ်တစ်ခုအား ကိုယ်ကိုယ်တိုင်ပင် မယုံကြည်နိုင်ခဲ့ဟု ထင်ခဲ့မိသော်လည်း မသိစိတ်ကတော့ ထိုအချစ်အား ယုံကြည်နေခဲ့မိပြန်သည်။ သုံးနှစ်။ သူနှင့်အတူ ရှိနေခဲ့သော သုံးနှစ်။ ထိုသုံးနှစ်သည် ကျွန်မဘဝအဖို့ ပျော်စရာအချိန်များဟု မသတ်မှတ်ချင်သလို၊ ပျော်ရွှင်စရာ အကောင်းဆုံးကာလဟူ၍လည်း မခံယူခဲ့မိပေ။ ထိုသုံးနှစ်သည် ကျွန်မဘဝ၏ အဓိပ္ပာယ်ရှိသော အချိန်ကာတစ်ခုဖြစ်သည်ဟူ၍သာ ကျွန်မ ခံယူမိခဲ့ပါသည်။ ကျွန်မနှင့်သူဟုခေါ်သော မောင်သည် သုံးနှစ််သုံးမိုး အကြင်လင်မယား တော်စပ်ခဲ့    သော ကျွန်မဘဝ၏ အရေးကြီးဆုံး လူတစ်ဦးဖြစ်ခဲ့သည်။ မောင်နှင့် စတင်ခင်မင်ခွင့်ရခဲ့သောနေ့ကို ကျွန်မ အမြဲမှတ်မိနေခဲ့သော်လည်း အိမ်ထောင်သက် တစ်နှစ်ကျော်ကြာမြင့်ချိန်က တစ်ခုသော ဆောင်းအကုန်နွေအကူးတွင် မောင်က တက္ကသိုလ်များ စာကြည့်တိုက်သို့ ကျွန်မကို ခေါ်သွားခဲ့သည်။ အလုပ်များပိနေသော ကျွန်မမှာ အရေးကြီးသည်ဟု ပြော၍သာ အလုပ်ပစ်ပြီး မောင့်နောက်လိုက်ခဲ့ရသည်။ ဟိုရောက်တော့မှ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဖြစ်နေ၍ အရေးမကြီးသည့်အရာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ခေါ်လာရကောင်းလားဟု အပြစ်တင်မိသေးသည်။ မောင်က စာကြည့်တိုက်ဘေးရှိ ကန့်ကော်ပင်အောက်တွင် ကားထိုးရပ်လိုက်ပြီး “ဒီနေရာကို မှတ်မိသေးလား။”ဟု မေးသည်။ ကျွန်မသည် ကန့်ကော်ပင်ကိုမော့ကြည့်လိုက် အပင်အောက်ရှိ ခုံတန်းကို ကြည့်လိုက်ဖြင့် မောင်ဘာကို ဆိုလိုနေမှန်း မသိပေ။ ထို့အပြင် ပိုဆိုးသည်က မည်သည့်ရည်ရွယ်ချက်ဖြင့် ရန်ကုန်တက္ကသိုလ်ဝင်းထဲသို့ ခေါ်ဆောင်လာခဲ့မှန်းကို မသိပေ။ ခေါင်းထဲ၌ နောက်နေ့တွင် လုပ်ရမည့် အလုပ်များသည်သာ တစ်ခုပြီးတစ်ခု ဝင်လာသည်။ ကျွန်မသည် အချိန်အတော်အတန်ကြာ ကန့်ကော်ပင်အား တစ်ခါမှ မမြင်ဖူးသူကဲ့သို့ ကြည့်နေခဲ့မိသည်။ မောင်သည် ကျွန်မက ဘာမှမှတ်မိသည့်ပုံ မပေါ်သဖြင့် စိတ်တိုလာပြီး “ဒီနေရာက နှင်းနဲ့မောင်နဲ့ ပထမဆုံး စတွေ့ခဲ့တဲ့နေရာလေ။ အဲဒီနေ့က ကန့်ကော်ပန်းတွေပွင့်နေလို့ နှင်းက ကန့်ကော်ပန်းကို မမှီတမှီနဲ့ လှမ်းခူးနေတုန်း မောင်ကတွေ့သွားပြီး နှင်းကို ပန်းခူးပေးတာလေ။ တိတိကျကျပြောရရင် ဒီနေ့က နှင်းနဲ့မောင်နဲ့ စတွေ့တာ သုံးနှစ်ပြည့်တဲ့နေ့။ မမှတ်မိဘူးလား။” ဟု ကျွန်မကို အားမလိုအားမရ ကြည့်ပြီး ပြောသည်။ “သြော်။” ကျွန်မနှုတ်ခမ်းမှ သြော်တစ်လုံးထဲသာ ထွက်လာခဲ့သည်။ ကျွန်မ မောင်နှင့် စတွေ့ခဲ့သည့် ရက်ကိုမေ့သွား၍ မဟုတ်။ မောင့်ကို စတွေ့ခဲ့သည်က မောင်မှတ်ထားသလို ကန့်ကော်တွေပွင့်နေသည့် နွေဦးရာသီမဟုတ်၍ ဖြစ်သည်။ မိုးတွေဖြိုင်ဖြိုင်ကျနေသည့် မိုးရွာသီဖြစ်၍ ကျွန်မ နှုတ်ခမ်းက သြော်ဟုသာ ပြောနိုင်ခြင်းဖြစ်သည်။ ကျွန်မ မောင့်ကို စတွေ့ခဲ့သည့်နေ့က မိုးတွေရွာနေသည့် ဇူလိုင် ၄ရက်ဖြစ်သည်။ ထိုနေ့က မောင်သည် စာကြည့်တိုက်ထဲသို့ မိုးရေ စွတ်စွတ်စိုစိုဖြင့် ကြွက်စုတ်တစ်ကောင်ကဲ့သို့ ဝင်လာသည်။ ကျွန်မက စာတမ်းပြုစုစရာ ရှိသဖြင့် စာကြည့်တိုက်တွင်ထိုင်ပြီး စာဖတ်နေခဲ့သည်။ မိုးတွေစိုလာသော မောင်က ကျွန်မရှေ့တွင် ဝင်ထိုင်မှသာ မောင့်ကို အမှတ်မထင် မော့ကြည့်မိသည်။ မောင်သည် ကျွန်မကို ပြန်မကြည့်ပါ။ ဖတ်ရန်ယူလာသည့် စာအုပ်ကိုသာ စိတ်ပါဝင်စားစွာ ဖတ်နေသည်။ မည်သည့်စာအုပ်ကို ယူဖတ်သလဲတော့မသိ။ တစ်လောကလုံးနှင့် အဆက်အသွယ်ပြတ်ပြီး စာအုပ်ထဲ၌သာ နစ်မျောနေခဲ့သည်။ ကိုယ်ဖတ်နေသော စာအုပ်ထဲ၌ မနစ်မျောနိုင်သူက ကျွန်မဖြစ်သည်။ ရှေ့တည့်တည့်တွင်ဝင်ထိုင်ပြီး မိုးရေစိုစွတ်နေသော်လည်း ဂရုစိုက်သည့်ပုံမပေါ်ဘဲ အေးအေးလူလူပင် စာဖတ်နေသောမောင့်ကို ခိုးခိုးကြည့်မိခဲ့သည်။ မောင်သည် ထိုအချိန်က တစ်ချက်တောင်မှ ကျွန်မကို မကြည့်ခဲ့ပါ။ သူဖတ်နေသော စာအုပ်ကိုသာ သဲကြီးမဲကြီးဖတ်နေသည်။ မောင်ရောက်မလာခင်က မိမိဖတ်နေသော စာအုပ်ကို စိတ်ဝင်စားနေသလောက် မောင်ရောက်လာသောအခါ စိတ်ဝင်စားမှုမရှိတော့ဘဲ မောင်နှင့် မောင်ဖတ်နေသော စာအုပ်ကိုသာ စိတ်ဝင်စားလာသည်။ တစ်ခါတစ်ခါ လေအဝှေ့တွင် မောင်ထံမှ လာသော ရေမွှေးန့ံအား ခိုးပြီးရှူရှိက်မိလိုက်သေးသည်။ ထိုနေ့ထိုအချိန်မှစ၍ အတန်းပြီးသွားတိုင်း ကျွန်မသည် အိမ်မပြန်နိုင်သေးဘဲ မောင်နှင့်ဆုံတွေ့ခွင့်ရရန် စာကြည့်တိုက်သို့ ညနေတိုင်း မှန်မှန်လာသည်။ မောင်က မှန်မှန်မလာသော်လည်း တစ်ပတ်တွင် သုံးရက်လောက်တော့ လာသည်။ မောင်လာတိုင်း ဖိုသီဖတ်သီဖြင့်ပင် ရောက်လာတတ်ပြီး ဖတ်သည့်စာအုပ်အပေါ်တွင် အာရုံစူးစိုက်ထားကာ လောကကြီးအား မေ့သွားလေ့ရှိသည်။ ထိုအချိန်မှစ၍ ကျွန်မသည် မောင်ဖတ်နေသော စာအုပ်တစ်အုပ်ဖြစ်ချင်ခဲ့သည်။ မောင်ဖတ်နေသော စာအုပ်အပေါ်တွင်လည်း မနာလိုဖြစ်မိသည်။ တစ်ခါတစ်ရံ ကျွန်မရှိနေကြောင်း သတိထားမိစေရန် ကျွန်မဖတ်နေသော စာအုပ်အား စားပွဲအောက်သို့ မသိမသာ လွှတ်ချပြီး မောင့်အာရုံအား ဖမ်းစားနိုင်ရန် ရည်ရွယ်သော်လည်း မောင်ကမူ ဖုတ်လေတဲ့ငပိ ရှိလေသည်ဟုပင် မထင်ဘဲ စာအုပ်နှင့်သာ နှစ်ပါးသွားလျက်ရှိသည်။ မောင်၏ စာအုပ်အပေါ် ချစ်မြတ်နိုးသော စိတ်ကို ကျွန်မလေးစားမိသော်လည်း သဝန်တိုမိသည်။ အိမ်ထောင်ကျပြီးသည်အထိ ထမင်းစားရန် ခေါ်သောအခါ စာအုပ်ဖတ်နေပါက တော်တော်နှင့် ထမင်းစား စားပွဲသို့ ကြွတော်မူမလာဘဲ စာအုပ်အား ထမင်းမေ့ဟင်းမေ့ဖြင့် ဖတ်တော်မူလေ့ရှိသည်။ ထိုအခါမျိုးတွင် နှုတ်ခမ်းကို ရှေ့သို့တစ်တောင်လောက်စူထားပြီး စိတ်ဆိုးမာန်ဆိုး ရာဇသံပေး၍ ခေါ်တော်မူတော့မှ ကိုယ်တော်က ထိုင်နေရာမှ ထလာသည်။ ကျွန်မက အပြစ်တင်ကြိမ်းမောင်းသော်လည်း မောင်ကမူ အပြုံးမပျက်။ တစ်ခါတစ်ရံ ညညဉ့်နက်ပိုင်းတွင် အိပ်ရာမှ တစ်ရေးနိုးသည့်အခါတွင် အိပ်ရာဘေးတွင် စာကြည့်မီးဖွင့်ပြီး စာအုပ်ဖတ်နေသော မောင့်ကို တွေ့ရတတ်သည်။ အိပ်ပါဟု ပြောသော်လည်း ခေါင်းသာညိတ်ပြသည်။ အိပ်ရာပေါ်သို့ တက်မလာ။ တက်မလာသဖြင့် စိတ်တိုပြီး မီးအိမ်ရိုက်ခွဲပစ်မည်ဟု ပြောတော့မှ ပြုံးဖြီးဖြီးဖြင့် “ငါ့မိန်းမက ဒေါသကြီးပဲ။”ဟု ပြောပြီး အိပ်ရာဝင်တော်မူသည်။ ကျွန်မကလည်း အိပ်နေတုန်း မီးဖွင့်လျှင်မကြိုက်။ ကျွန်မ မောင့်ကို တတ်တခိုးမြတ်နိုးခဲ့သည့် အချိန်ကာလသည် နှစ်နှစ်ကျော်ကြာပြီး မောင်ကျွန်မကို လျစ်လျူရှုပြီး နေခဲ့သော ကာလသည်လည်း နှစ်နှစ်ကျော်ဖြစ်သည်။ မောင်ပြောသည့် ကံ့ကော်တွေပွင့်သည့် နေ့မှ မောင်က ကျွန်မကို သတိထားမိပြီး မမှီမကမ်းဖြင့် က့ံကော်ပန်းလှမ်းခူးနေသော ကျွန်မအတွက် ပန်းခူးပေးခြင်းဖြစ်သည်။ ကျွန်မ ပျော်ခဲ့ရသည်။ မောင် ကျွန်မကို ပန်းတစ်ပွင့် လှမ်းပေးစဉ်က ကျွန်မသည် ဘေးပတ်ဝန်းကျင်ကိုပင် မြင်နိုင်စွမ်းမရှိခဲ့ဘဲ မောင်၏ မျက်ဝန်းကိုသာ စူးစိုက်ကြည့်နေမိသည်။ ကျွန်မနှင့်တွေ့တိုင်း စာအုပ်ကိုသာ ကြည့်နေခဲ့သော မောင့်မျက်ဝန်းအစုံသည် ထိုအချိန်က ကျွန်မကိုရည်ရွယ်ပြီး ကျွန်မအတွက် သီးသန့်သတ်မှတ်၍ ကြည့်နေခြင်းဖြစ်သည်။ မောင့်မျက်ဝန်းသည် အပြာရောင်မဟုတ်သလို အနက်ရောင်လည်းမဟုတ်။ အညိုရောင်မျက်ဝန်းသာ ဖြစ်သည်။ ထိုမျက်ဝန်းထဲ၌ ကြည့်လဲ့နေသော မျက်ရည်ဥများက တောက်ပနေသည်။ “အဲဒါပဲ နှင်း။ နှင်းက မောင်နဲ့ စတွေ့တဲ့နေ့ကို မေ့ထားတယ်။ မောင်ကတော့ အဲဒီနေ့ကို အမြဲသတိရနေရတယ်။ နှင်း ပန်းခူးနေတဲ့ပုံက မောင့်မျက်စိထဲမှာ နတ်သမီးတစ်ယောက်ကနေသလို ဝင်လာတယ်။ နှင်းကိုလည်း မြင်မြင်ချင်း ချစ်ခဲ့ရတယ်။ နှင်းကတော့ ဒီနေ့ကိုတောင် သတိမရဘူးပေ့ါလေ။” မောင် ကျွန်မကို အပြစ်တင်သည့်လေသံဖြင့်ပြောသည်။ ကျွန်မ သတိမရ၍ မဟုတ်။ ကျွန်မသတ်မှတ်ထားသော မောင်နှင့် ပထမဆုံးအကြိမ်တွေ့ခဲ့သည့်နေ့သည် မိုးရွာနေသော ဇူလိုင်လ ၄ရက်နေ့ဖြစ်သောကြောင့် ဖြစ်သည်။ မောင်နှင့် စကားပြောဆိုခင်မင်ရင်းနှီးပြီး တစ်လအကြာတွင် မောင်က ချစ်ရေးဆိုခဲ့သည်။ ကျွန်မချက်ချင်းအဖြေပြန်မပေးခဲ့ပါ။ အချိန်ကာလ အတော်ကြာကြာစဉ်းစားလျှင် ထိုအချစ်ကို ပိုမိုတန်ဖိုးထားမည်ဟု ထင်သဖြင့် တစ်နှစ်လောက်တော့ စဉ်းစားဦးမည်ဟု ပြန်ပြောခဲ့သည်။ မောင်က အချိန်ဘယ်လောက်ကြာကြာစောင့်မည်ဟု ပြောသောအခါ ကျွန်မ ပီတိဝေခဲ့ရသည်။ ထိုစကားကို မောင်ယခုအချိန်တွင် လာပြောပါက ကျွန်မသည် မောင့်ရင်ခွင်ထဲသို့ ပြေးဝင်ပြီး ကလေးတစ်ဦးလို ချုံးပွဲချငိုမိမည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် မောင်ထိုစကားအား မည်သည့်အခါမှ မပြောတော့မှန်း ကျွန်မသိနေ၍ဖြစ်သည်။ မောင့်ကို တစ်နှစ်လောက်စဉ်းစားမည်ဟု ပြောခဲ့သော ကျွန်မသည် တစ်ရက်မျှသာ စဉ်းစားပြီး အဖြေပြန်ပေးခဲ့သည်။ ဖြစ်ပုံကလည်း မိန်းကလေးမို့ မူချိန်မရလောက်အောင်ပင် ဖြစ်ခဲ့ရသည်။ မောင် ဖွင့်ပြောပြီး နောက်နေ့တွင် ကျွန်မသည် ဦးချစ် ကန်တင်း၌ မောင့်ကိုစောင့်နေစဉ် မောင်နှင့်မတွေ့စဉ်က ရည်းစားတော်ခဲ့သော ဘုန်းနောင်နှင့် ဆုံမိလေသည်။ ဘုန်းနောင်က ကန်တင်းတွင် ကျွန်မတစ်ယောက်တည်းထိုင်နေသဖြင့် အိမ်ပြန်လိုက်ပို့ပေးမည်ဟု ပြောသည်။ ကျွန်မက သူငယ်ချင်းတစ်ဦးကိုစောင့်နေ၍ ရသည်ဟု ပြောသော်လည်း သူကပါ အဖော်လုပ်ပေးပြီး စောင့်မည်ဟု ပြောသောအခါ ငြင်းမရတော့သဖြင့် အောင့်သက်သက်ဖြင့် ထိုင်နေရသည်။ ခဏအကြာတွင် မောင်ရောက်လာသည်ကို ကျွန်မလှမ်းမြင်မိသော်လည်း မောင်ကမူ ကန်တင်းထဲသို့ပင်ဝင်မလာဘဘဲ ဘုန်းနောင်နှင့်ကျွန်မကို မြင်သောအခါ စိမ်းစိမ်းကြီး ကြည့်ပြီး ချာကနဲလှည့်ကာ ပြန်ထွက်သွားသည်။ မရယ်မပြုံးဖြင့် စိမ်းကားကားကြည့်သော မောင့်အကြည့်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထိုအကြည့်မျိုးကို အိမ်ထောင်သက် သုံနှစ်ပြည့်ခါနီးတွင် နေ့တိုင်းနီးပါး ခံခဲ့ရသည်။ မောင်လှည့်ထွက်သွားသောအခါ ကျွန်မ မနေနိုင်တော့။ ကျွန်မနှင့်အတူ ထိုင်နေသော ဘုန်းနောင်အား “ငါအခု သွားမှဖြစ်တော့မယ်။ နင်နဲ့အတူ ထိုင်နေလို့ ငါ့ရည်းစားမြင်သွားပြီး စိတ်ဆိုးသွားပြီ” ဟု ပြောကာ မောင့်နောက်က လိုက်သွားရန် ထလိုက်သည်။ ဘုန်းနောင်သည် ကြောင်အမ်းအမ်းဖြင့်ကြည့်ကာ “နင်ဘယ်တုန်းက ရည်းစားရသွားတာလဲ။ နင့်ကို လိုက်နေတဲ့လူရှိတယ်လို့လဲ မကြားးမိပါဘူး။”ဟု ပြန်ပြောသည်။ “အေး…. အရင်တုန်းက မကြားပေမယ့် အခုကြားပြီမဟုတ်လား။ လိုက်နေတဲ့လူရှိတာမဟုတ်တော့ဘူး။ ရည်းစားအရှင်လတ်လတ်ကို ရသွားတာ။”ဟု ပြောပြီး အိတ်ဆွဲကာ မောင်နောက်မှ ပြေးလိုက်ခဲ့သည်။ မောင်သည် ခေါင်းငိုက်စိုက်ချလျှက် ဂျပ်ဆင်ဘုရားရှိခိုးကျောင်းဘက် သွားရာလမ်းသို့ ကွေ့သွားသည်။ နောက်လည်း လှည့်မကြည့်ပေ။ ကျွန်မကလည်း စောင့်ပါဦးဟု မအော်မိပေ။ နောက်မှသာ ခပ်သုတ်သုတ်ဖြင့် လိုက်သွားမိခဲ့သည်။ လမ်းချိုးရောက်မှသာ မောင့်ကို မှီတော့သည်။ “ခဏစောင့်ပါဦး….ကိုစိုးနိုင်ရယ်။” ကျွန်မသည် မောင့်လက်အား ဆုပ်ကိုင်ပြီး အမောတကောဖြင့် ပြောလိုက်သည်။ မောင်က ကျွန်မကို တအံ့တသြဖြင့် ပြူးကြည့်သည်။ လိုက်လာလိမ့်မည်ဟု ထင်ပုံမပေါ်ပေ။ “ကျွန်မ ရှင့်ကိုစောင့်နေတာပါ။”ဟု ဒုတိယအကြိမ်ပြောလိုက်သည်။ မောင်သည် ကျွန်မကို ပြူးကြည့်ပြီး “ဘာလို့လိုက်လာတာလဲ။ ဟိုမှာဆက်ထိုင်နေလဲရတာပဲ။ ကျွန်တော်က ကိစ္စမရှိပါဘူး။”ဟု အားနာသည့်ပုံမျိုးဖြင့်ပြောသော်လည်း လေသံကမူ မာတာတာဖြင့် ကျေနပ်သည့်ပုံမပေါ်ပေ။ ကျွန်မက အကြောင်းစုံရှင်းပြပြီးသောအခါ အိုမဲနေသော မောင့်မျက်နှာသည် နည်းနည်းပြုံးယောင်သမ်းလာပြီး “ကျွန်တော့်လက်ကို မလွှတ်တော့ဘူးပေ့ါ။”ဟု စပ်ဖြဲဖြဲ ပြန်ပြောသည်။ထိုအခါမှ ကျွန်မသည် မောင့်လက်ကို ယောင်ယမ်းပြီး ဆွဲလွှတ်လိုက်သည်။ မောင်ကမူ အောင်နိုင်သူအပြုံးဖြင့် “အဲဒီတော့ နှင်းအခုလို ကျွန်တော့်နောက်ကို လိုက်လာတဲ့အကြောင်းရင်းက ကျွန်တော့်ကို ချစ်လို့ပေ့ါနော်။” ဟု ကျွန်မမျက်ဝန်းများအား စူးစူးစိုက်စိုက်ကြည့်ပြီး ပြောသည်။ ကျွန်မ မောင်၏ မျက်ရည်ဥများဖြင့် ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံအား တွန်းလှန်နိုင်သည့်အား မရှိပါ။ မောင်မေးသော မေးခွန်းကိုလည်း ခေါင်းခါရမ်းပြီး ဆက်လက်၍လည်း မူမနေနိုင်ပါ။ နဂိုကမှ နှစ်နှစ်ကျော်လောက် ချစ်ခဲ့ရသူမို့ ကျွန်မခေါင်းသည်လည်း အလိုလိုညိတ်ပြီးသားဖြစ်သွားသည်။ မောင်သည် ပြုံးစိစိဖြင့် ကျွန်မကို သူ့ရင်ခွင်ထဲသွင်းပြီး ပွေ့ဖက်လိုက်သည်။ မောင်ဆွတ်ထားသော ရေမွှေးနံ့သည် မောင့်အကျင်္ ီမှ တဆင့်ကျွန်မ နှာခေါင်းထဲသို့ ရောက်လာသည်။ နှစ်နှစ်ကျော်သည်အထိ ရေမွှေးအမျိုးအစာတစ်မျိုးတည်းကိုသာ သုံးသော မောင်၏ ရင်ခွင်ထဲတွင် ကျွန်မမျက်လုံးမှိတ်ပြီး မောင့်ကိုယ်သင်းရန့ံအား ပထမဆုံးအကြိမ် ရူရှိုက်မိသည်။ ထိုနေ့က အကြောင်းကိုပြန်လည်တွေးကြည့်မိလျှင် ကျွန်မရင်ခုန်သံတွေသည် မြန်လာသည်။ မောင့်ကိုယ်သင်းရနံ့ကိုလည်း အခုထိမမေ့နိုင်သေးပေ။ မောင့်ရင်ခွင်ထဲ၌ ထိုကဲ့သို့ကိုယ်သင်းရန့ံအား ရှူရှိုက်နေစဉ်မှာပင် မိုးက တစ်ဖြောက်ဖြောက်ဖြင့် စရွာလာသည်။ မောင်ရောကျွန်မပါ မျက်လုံးပြူးသွားကြသည်။ မောင်က သူ့မှာထီးမပါဟု ပြောသည်။ ကျွန်မက ထီးထုတ်မည်ဟု ပြောသောအခါ မောင်က ထီးတစ်ချောင်းတည်း လူနှစ်ယောက်ဆောင်းသော်လည်း စိုမည်ကစိုမည်ဖြစ်သဖြင့် ဒီအတိုင်း ဂျပ်ဆင်ဘက်သို့ ပြေးကြရန် ပြောသောအခါ ကျွန်မအကြွင်းမဲ့သဘောတူလိုက်သည်။ ဤသို့ဖြင့် မောင်နှင့်ကျွန်မသည် ဂျပ်ဆင်ဘက်သို့ ပြေးကြသည်။ မိုးတွေကလည်း တော်တော်သည်းလာသည်။ နှစ်ဦးစလုံးလည်း ကြွက်စုတ်ဖြစ်နေပြီဖြစ်သည်။ ဂျပ်ဆင်ဘက်ကူးရာ လျှောက်လမ်းရောက်သောအခါ နှစ်ဦးစလုံးသည် မိုးခိုပြီး တစ်ဦးပုံတစ်ဦးကြည့်ကာ ရယ်မိကြသည်။ ကျွန်မသည် မောင့်ကို ပထမဆုံးအကြိမ်တွေ့စဉ်က မောင်မိုးတွေစိုလာသည်ကို သတိရမိပြီး မောင့်ကိုပြုံးပြီးကြည့်နေခဲ့မိသည်။ မောင်သည်လည်း ကျွန်မကို ထိုနည်းတူပင်ကြည့်နေခဲ့ပြန်သည်။ ထို့နောက် ထင်မှတ်မထားသော အနမ်းတစ်ခုသည် ကျွန်မနှုတ်ခမ်းပေါ်သို့ ရုတ်တရက်ကျရောက်လာသည်။ မိုးတွေစိုနေ၍ အေးစွတ်နေသော လူနှစ်ဦးအတွက် အနမ်းတစ်ခုက နွေးထွေးမှုပေးနိုင်ခဲ့သည်။ ပတ်ဝန်းကျင်တွင် မည်သူရှိနေသည်ကိုပင် သတိမရတော့။ ထို့နေ့က မထင်မှတ်ဘဲ ပေးခဲ့မိသည့် အဖြေနှင့် မောင့်ထံမှ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပေးခဲ့သော အနမ်းတစ်ခုတို့ကြောင့် စက်တင်ဘာလ၏ မိုးစက်များသည် စန္ဒရားတေးသွားတစ်ခုကဲ့သို့ သာယာနေခဲ့သည်။ မောင့်ဆီမှ ပထမဆုံးအနမ်းရပြီးသောအခါ စူပုပ်ပုပ်ဖြစ်သွားသော ကျွန်မကို မောင်က ဘာဖြစ်လို့လဲဟု မေးသည်။ “အဖြေကို တစ်နှစ်လောက်ကြာမှ ပေးမယ်လို့ ဆုံးဖြတ်ထားတာ။ အခုတော့ အဖြေတင်မကဘူး။ တခြားဟာပါ ပေးပြီးပြီ။”ဟု နှုုတ်ခမ်းတစ်စူစူဖြင့် မိမိကိုယ်ကိုကိုယ် အားမရသည့်ပုံဖြင့် ညည်းတွားမိသည်။ ထိုအခါ မောင်သည် သဘောကျစွာရယ်သည်။ “ဖြစ်မှဖြစ်ရလေကွာ နှင်းရာ။”ဟု ပြောပြီး ဒုတိယအကြိမ် အကြင်နာပေးခဲ့သည်။ ထိုနေ့က မိုးရွာနေသော ပတ်ဝန်းကျင်သည် ကျွန်မတို့နှစ်ဦးအတွက် ဆည်းဆာအချိန်ကဲ့သို့ သာယာလှပနေခဲ့သည်။                             

     မောင်နှင့် လက်ထပ်ပြီးသောအခါ မောင်သည် ကျောင်းဆရာပြန်လုပ်သည်။ စာဖတ်ဝါသနာပါသူဖြစ်သည့်အလျောက် ဝတ္ထု၊ ဆောင်းပါးများကိုလည်း စရေးလာသည်။ အစပထမပိုင်းက မောင်ရေးသည့် စာများကို ဖတ်ကြည့်မိသော်လည်း အလုပ်လုပ်သည့်နောက်ပိုင်းတွင် ဖတ်ရန်အချိန်ပင်မရှိခဲ့။ ထို့အပြင် မောင်သည် သူရေးသော စာများအား လောကတွင်အဖတ်စေချင်ဆုံးလူမှာ ထိုအချိန်က ကျွန်မတစ်ဦးတည်းသာ ဖြစ်သည်ဟု ကျွန်မသိခဲ့လျှင် ကျွန်မဘဝတွင် နောင်တရစရာကိစ္စများ ပေါ်လာမည်မဟုတ်ပေ။ ကျွန်မက မောင်သည် နာမည်ကျော်ကြားသော စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့သည်ဟုသာ ယုံကြည်ခဲ့မိသည်။ မောင်သည် သူ့စာများအား ကျွန်မက ဖတ်ပြီး ဝေဖန်အကြံပြုစေချင်သော်လည်း ကျွန်မက မောင်ရေးသော ရသစာပေများကို ကြိုက်နှစ်သက်သူ မဟုတ်သည့်အတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်လိမ့်မည်ဟု မထင်မိသဖြင့် မဖတ်မိခဲ့ခြင်းဖြစ်သည်။ မောင်နှင့်ကျွန်မသည် တဖြည်းဖြည်းနှင့် အသွင်မတူလာတော့ပေ။ မောင်က ရှိတ်စပီးယားပြောခဲ့သည့် လူတွေက အချစ်အတွက်မွေးဖွားလာတာပါ ဟူသည့်စကားကို ထောက်ခံပြီး ကျွန်မက လူတွေမွေးဖွားလာခြင်းက ဘဝမှာ ရှင်သန်နိုင်ဖို့အတွက်ဟု ခံယူထားသည်။ “မောင်ပြောသလို လူတွေက အချစ်အတွက် မွေးဖွားလာတယ်လို့ပြောရင် ဘာ့ကြောင့် ကမ္ဘာပေါ်မှာ စစ်တွေဖြစ်သလဲ။ လူတိုင်းမှာ အချစ်ရှိရင် စစ်ဆိုတာ ဖြစ်လာနိုင်စရာကို မရှိတာ။ ဒ့ါကြောင့် နှင်းပြောသလို လူတွေမွေးဖွားလာတာက ရှင်သန်နိုင်ဖို့အတွက်ပဲ။ မောင်ပြောသလို အချစ်ကြောင့်မဟုတ်ဘူး။ အချစ်က လူတွေကို ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူးမောင်ရယ်။ ချစ်ဖို့လောက်ပဲ အသုံးဝင်တာပါ။ စားဖို့သောက်ဖို့ ရှင်သန်ရပ်တည်နိုင်ဖို့ကျတော့ လူတိုင်းရုန်းကန်ရတာချည်းပါပဲ။” ထိုစကားသည် ကျွန်မပြောနေကျစကားဖြစ်သည်။ နေ့စဉ် စီးပွားရေးလုပ်ငန်းအတွင်း၌ ကျင်လည်နေသူအဖို့ မောင့်လို တက္ကသိုလ်ဆရာတစ်ယောက်၏ အမြင်နှင့် လုံးလုံးကွဲလာသည်။ မောင်က စိတ်ကူးယဉ်ဆန်သည်။ ကျွန်မက လက်တွေ့ကျလာသည်။ ကျွန်မနှင့်မောင် တည်ဆောက်ခဲ့သော ဘဝတစ်ခုတွင် အစစအရာရာ ပြီးပြည့်စုံချင်သည်။ ငွေရေးကြေးရေးအတွက် ပူပင်သောက မရောက်ချင်ပေ။ အရာရာလိုလေသေးမရှိ ပြည့်စုံချင်သည်။ အိမ်ထောင်သက် နှစ်နှစ်ကျော်သောအခါ မောင်က ကလေးယူရန်ပြောသည်။ ကျွန်မ မယူချင်သေးပါ။ အသက် ၂၅နှစ်အရွယ် မိန်းမတစ်ယောက်အဖို့ ဤအချိန်သည် ကလေးယူရန်အကောင်းဆုံးအချိန်မဟုတ်ဟု ယုံကြည်ထားသည်။ ကလေးယူပြီးပါက ကျွန်မအတွက် အချိန်တွေဆုံးရှုံးကုန်မည်ကို ကြောက်ရွ့ံမိသည်။ ထို့အပြင် အစ်မတစ်ဝမ်းကွဲတစ်ယောက်က ကလေးမွေးရင်း ဆုံးသွားသဖြင့် ကလေးယူခြင်းအား ကျွန်မအကြီးအကျယ် ကြောက်ရွ့ံနေမိသည်။ မောင်ကတော့ မိသားစုဘဝကို မြန်မြန်လိုချင်နေသည်။ သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် မိမိသွေးသားရင်းအား လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးချင်သည်။ထို့အပြင် ပိုဆိုးသည်က ကလေးယူရန်ပြောပြီး သိပ်မကြာခင်တွင် ကလေးကစားစရာပစ္စည်းများကို ဝယ်ဝယ်လာတတ်သည်။ ကျွန်မမှာ ထိုအရုပ်များအားကြည့်ပြီး စိတ်ရှုပ်ရသည်။ ကလေးမွေးပြီးပါက အိမ်တစ်ခုလုံးသည် ကလေးကစားစရာ ပစ္စည်းများဖြင့် ပြည့်နှက်နေမည်ကို ကျွန်မကြောက်ရွံမိသည်။ မောင် မိသားစုဘဝအား အလွန်လိုချင်တပ်မက်နေသည်ကို ကျွန်မမှ လွဲ၍ တော်တော်များများ သိကြသည်။ အဘယ်ကြောင့်ဆိုသော မောင်က သူ့စာများတွင် ထိုအကြောင်းများ ထည့်သွင်းရေးသောကြောင့်ဖြစ်သည်။ ကျွန်မသည်သာ မောင်နှင့်အနီးကပ်နေပြီး မောင့်အကြောင်း အပြင်လူတွေလောက်မသိခြင်းဖြစ်သည်။ မောင်နှင့်ကျွန်မတို့ကြား စစ်အေးတိုက်ပွဲစတင်သောနေ့သည် ကျွန်မ ကလေးမရနိုင်သည့်ဆေးများအား ခိုးသောက်နေသည်ကို မောင်မိသွားသည့်နေ့ဖြစ်သည်။ မောင်သည် ကျွန်မကို ထိုနေ့က စိမ်းစိမ်းကြီးကြည့်သည်။ ကျွန်မသောက်နေသော ဆေးများကိုလည်း နင်းခြေလွှင့်ပစ်သည်။ ဒေါသတကြီး အော်ဟစ်တာမျိုးမလုပ်ဘဲ “ငါ ကလေးတစ်ယောက်လိုချင်နေတာ သိရက်နဲ့ မင်းမိုလို့ ဒီလိုလုပ်ရက်တယ်ကွာ။ ငါ့မှာတော့ မင်းဒီဆေးတွေသောက်နေတာ မသိဘဲ ငါတို့နှစ်ယောက် မိဘတွေဖြစ်လာရင်၊ ကလေးရခဲ့ရင်ဆိုပြီး ကလေးအရုပ်တွေဝယ်လို့။ မင်းကတော့ ငါ့ကိုကွယ်ရာမှာ ဟားနေမှာပေ့ါ။ မရနိုင်သေးတဲ့ကလေးအတွက် အရုပ်တွေဝယ်ပြီး ကလေးရူးရူးနေတဲ့ငါ့ကို မင်းရယ်နေမှာပေါ့။ နှင်းရာ….မင်းမိုလို့ ဒီလိုလုပ်ရက်တယ်ကွာ။”ဟု လေသံအေးအေးဖြင့် အံကြတ်ပြီးပြောသည်။ “မောင်အဲဒီလို ဗရမ်းဗတာ မစွပ်စွဲပါနဲ့။ နှင်းက ကလေးမလိုချင်တာ မဟုတ်ဘူး။ အခုချိန်မှာပဲ မလိုချင်သေးတာ။ နှင်းတို့မှာ ဘာမှ ပြီးပြည့်စုံသေးတာ မဟုတ်ဘူး။ ကလေးရပါပြီတဲ့။ ကလေးကို ကျောင်းကောင်းမှာထားချင်မယ်။ အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ ဝယ်ပေးချင်မယ်။ အခုချိန်ကတော့ နှင်းတို့မှာ ဘာမှပြီးပြည့်စုံသေးတာ မဟုတ်ဘူး။” “မပြည့်စုံသေးဘူး။ ဟုတ်လား။ မပြည့်စုံသေးဘူးဆိုတာ ဘာကိုပြောတာလဲ။ နေဖို့အိမ်ရှိတယ်။ သွားရင်လာရင်အဆင်ပြေတဲ့ ကားတစ်စီးရှိတယ်။ မင်းရင်းနှီးထားတဲ့ အလုပ်တွေရှိတယ်။ ငါ့မှာလည်း ကထိကအလုပ်နဲ့ စာရေးဆရာအလုပ်ရှိတယ်။ အဲဒါက မပြည့်စုံသေးတာလား။” “ဟုတ်တယ်။ မပြည့်စုံသေးဘူး။ နှင်းလိုချင်တာ ဒီထက်များတယ်မောင်။ မောင့်လို ရောက်နေတဲ့ဘဝမှာ ရောင့်ရဲပြီးတော့ မနေချင်ဘူး။ ဒ့ါကြောင့်နှင်း ကလေးမလိုချင်သေးဘူး။ နှင်းကိုနှင်းလည်း အမေတစ်ယောက်အဖြစ် အိမ်မှာပဲ ထိုင်မနေချင်ဘူး။ အခုချိန်က အလုပ်လုပ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဘာဖြစ်လို့ ကလေးယူပြီး ကိုယ့်ရဲ့အဖိုးတန်အချိန်တွေကို ဖြုန်းတီးပစ်မှာလဲ။ မောင်က အဲဒီလိုလုပ်နိုင်ပေမယ့် နှင်းမလုပ်နိုင်ဘူး။” ကျွန်မ၏ ထိုစကားသည် မောင့်အတွက် ဘဝတွင်နာကျည်းစရာများ ဖြစ်လာခဲ့မည်ဟု ကြိုသိထားပါက ကျွန်မပြောဖြစ်ခဲ့မည်မဟုတ်ပေ။ မောင့်မျက်ဝန်းထဲမှ မျက်ရည်များကျလာခါမှ ကျွန်မလွန်သွားမှန်းသိသည်။ မောင်ငိုသည်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးခဲ့ပါ။ တွေ့လိုက်ရသည့်အချိန်တွင် ကျွန်မနှလုံးသားသည် တစ်စစီကြေကွဲပျက်စီးသွားသလို ခံစားရသည်။ ကြေမွသွားသော နှလုံးသားကို ပြန်လည်အသက်သွင်းရန် ကျွန်မမေ့လျော့နေခဲ့မိသည်။ မောင်သည် ကျွန်မကို ထိုအချိန်မှစ၍ စကားကောင်းကောင်းမပြောတော့။ ကျွန်မကလည်း ဆိုင်ခွဲအသစ်ဖွင့်စရာရှိသဖြင့် အလုပ်တွေပိပြီး မောင့်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ ပြန်စဉ်းစားကြည့်လျှင် ကျွန်မမှားသည်။ ထိုအချိန်က ကျွန်မတွေးခဲ့သည်က ဆိုင်အသစ်ဖွင့်ပြီးပါက မောင်လိုချင်သော ကလေးအား ရအောင်မွေးဖွားပေးမည်ဟု တွေးမိခဲ့သည်။ သို့သော် ကျွန်မ၏ အတွေးသည် အတွေးဘဝတွင်သာ ရှိနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ ဆိုင်အသစ်ဖွင့်ပြီးသည့်နေ့တွင်ပင် မောင်က ကွာရှင်းကြရန် တောင်းဆိုသောကြောင့်ဖြစ်သည်။ ကျွန်မရင့်နင့်အောင် ခံစားခဲ့ရသည်။ လောကတစ်ခုလုံး ပြိုကွဲပျက်စီးသွားသလို ခံစားရသည်။ ကျွန်မကြိုးစားခဲ့သော အရာအားလုံးသည် တစ်ခဏအတွင်း၌ ပျက်စီးသွားသည်။ မောင်အမြဲပြောနေကျ စကားအတိုင်း လူတွေက အချစ်အတွက် မွေးဖွားလာတာပါဆိုသည်ကို ကျွန်မယုံကြည်စ ပြုလာသည်။ ကျွန်မပြုလုပ်ခဲ့သော အရာအားလုံးသည် ကျွန်မရင်နှင့်အမျှချစ်ရသော မောင့်အတွက်ဖြစ်သည်။ ၁၉၉ရခုနှစ် ဇူလိုင်လ ၄ရက်နေ့က စာကြည့်တိုက်ထဲ၌ မောင့်ကို စတင်တွေ့ရှိခဲ့သည့်အချိန်မှစ၍ ကျွန်မသည် မောင့်အတွက်အသက်ရှင်နေရသူ တစ်ဦးဖြစ်နေမှန်း ကိုယ်ကိုတိုင်ပင် မသိခဲ့။ မောင်က ကွာရှင်းကြရန် ပြောပြီးနောက် ကျွန်မကို စိမ်းစိမ်းကြီးကြည့်ပြီး “နှင်း…..မင်းက ကိုယ့်ကိုပဲချစ်တဲ့ မိန်းမတစ်ယောက်ပါကွာ။ မင်း ဘယ်သူ့ကိုမှ မချစ်ပါဘူး။” ဟု ဘာခံစားချက်မှ မပါသော အသံဖြင့် ပြောခဲ့သည်။ ကျွန်မ မောင့်မျက်ဝန်းကို သေချာကြည့်ခဲ့သည်။ ထိုမျက်ဝန်းထဲ၌ ကျွန်မအတွက် ကံ့ကော်ပန်း တစ်ပွင့်လှမ်းပေးစဉ်က တွေ့ရသော အချစ်ဟူသည့် ခံစားချက်မပါတော့။ မြတ်နိုးမှု တွယ်တာမှုတို့သည် မောင့်မျက်ဝန်းထဲ၌ မရှိကြတော့ဘဲ နာကျည်းမှု မုန်းတီးမှုတို့သာ နေရာဝင်ယူထားကြသည်။ ကျွန်မ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ပါ။ အချစ်အတွက်မွေးဖွားလာသည်ဟု ခံယူထားသော လူတစ်ယောက်အား မုန်းတတ်အောင် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့သည့်အတွက် ကျွန်မသည် လောကတွင် အည့ံဖျင်းဆုံးလူတစ်ယောက်ဖြစ်သည်။ ချစ်ရုံသာ ချစ်တတ်ပြီး မိမိအချစ်ကို ဖော်ပြနိုင်စွမ်းမရှိသည့် ခပ်ည့ံညံ့မိန်းမတစ်ယောက်သာ ဖြစ်သည်။ အရာအားလုံးပြီးပြည့်စုံအောင် ကြိုးစားနေခဲ့သော်လည်း ကိုယ်ချစ်သည့် လူတစ်ယောက်အား အနီးမှ ထွက်မသွားအောင် တားဆီးနိုင်စွမ်းမရှိသော မိန်းမတစ်ယောက်ဖြစ်သည်။ ကျွန်မမောင့်ကို ဘယ်လောက်ချစ်မှန်း ကျွန်မတစ်ယောက်တည်းသာ သိသည်။ မောင့်ကို ချစ်လွန်း၍သာ စွန့်လွှတ်ခဲ့သည်။ မောင်အဝေးကို ထွက်သွားရမှ ပျော်မည်ထင်၍ အဝေးကို ထွက်သွားခွင့်ပေးခဲ့သည်။ မောင်နှင့်အတူရှိစဉ်က မောင်ရေးသော စာများအား မဖတ်ဖြစ်ခဲ့သော်လည်း မောင်နှင့်ကွာရှင်းပြီးနောက် မောင့်စာအုပ်များအား မှန်မှန်ဝယ်ယူပြီး ဖတ်ရှုသည့် ပရိတ်သတ်သည် ကျွန်မသာဖြစ်သည်။ မောင့်စာတွေဖတ်ပြီး အိပ်ရာထက်၌ ငိုကြွေးခဲ့ရသော အထီးကျန်ညများလည်း ပိုပိုတိုးလာသည်။ ကွာရှင်းပြီး ငါးနှစ်ခန့်ကြာသောအခါ မောင်၏ လက်ထပ်ပွဲသတင်းသည် သတင်းစာထဲပါလာသည်။ ထိုသတင်းစာ အပိုင်းအစအား ကတ်ကြေးနှင့်ညပ်ယူပြီး ကျွန်မ အိပ်ခန်းနံရံ၌ ကပ်ထားသည်။ သတို့သမီးနေရာတွင် မြတ်ပန်းနုအစား နှင်းဝေမှုန်ဟု ဘောပင်ဖြင့် ပြောင်းလဲရေးသားခဲ့သည်အထိ မောင့်အပေါ်ကို သံယောဇဉ်တွယ်ခဲ့မိသည်။ မောင် ကျွန်မကို မြင်လျှင် မောင့်အမုန်းတရားတွေတိုးပွားလာမည်စိုး၍ မောင်နှင့်တွေ့ဆုံရမည့်နေရာများအား ကျွန်မရှောင်ရှားခဲ့သည်။ မောင့်ကို ဒီထက်ပိုပြီး အမုန်းတရားများ မပေးချင်ပါ။ အချိန်ကာလတွေသည် တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။ ကျွန်မ၏ မောင့်အပေါ်တစ်ဖက်သတ် စွဲလန်းသော ရောဂါသည်လည်း ရင့်လာသည်။ ကောင်းကင်မှ မိုးတိမ်တွေမြင်တိုင်း၊ ရွာကျလာသော မိုးစက်တွေမြင်တိုင်း မောင်နှင့် ချစ်သူစဖြစ်ခဲ့သော နေ့ကို ရူးမတတ်သတိရမိသည်။ ########################### ရန်ကုန်တက္ကသိုလ်ဝင်းသည် ၁ဝနှစ်ကြာသော်လည်း ကြီးကြီးမားမား ပြောင်းလဲသွားသည်မရှိပေ။ အဓိပတိလမ်းသည်လည်း ယခင်အတိုင်းပင် သစ်ပင်များ အုံ့အုံဆိုင်းဆိုင်းဖြင့် သာယာလျက်ရှိသည်။ ကျွန်မ၏ ခြေအစုံသည် မောင်နှင့်အတူ ရပ်ပြီးစကားပြောခဲ့သော ဂျပ်ဆင်ဘက် သွားရာလမ်းတွင် ရပ်နေမိသည်။ ဤနေရာတွင် မောင့်ရင်ခွင်ထဲ၌ ပထမဆုံးအကြိမ် ဝင်ခိုခဲ့သော နေရာဖြစ်သည်။ မောင့်ကိုယ်သင်းရနံ့အား ရူရှိုက်ခွင့်ရသော နေရာဖြစ်သည်။ ကျွန်မ မောင်နှင့်အတူရှိစဉ်က အကြောင်းများ ပြန်တွေးနေစဉ်မှာပင်မိုးစက်များက တဖြောက်ဖြောက်နှင့် ရွာလာသည်။ ကျွန်မ၏ ပါးပြင်သည် မိုးစက်များအပြင် မျက်ရည်များနှင့်ပါ စိုစွတ်နေသည်။ မောင်နှင့်အတူ ရှိစဉ်က ထီးမဆောင်းဘဲ ဂျပ်ဆင်ဘက်သို့ ပြေးသွားခဲ့သည်ကို သတိရမိသဖြင့် ယခုအကြိမ်တွင် မောင်မပါသော်လည်း မောင်ပါသကဲ့သို့ပင် ပြေးသွားရန် ဆုံးဖြတ်ပြီး သဲသဲမဲမဲရွာလာသော မိုးကိုအံတုရင်း လက်နှစ်ဖက်ခေါင်းပေါ်တင်ပြီး ဂျပ်ဆင်ဘက်ပြေးသွားခဲ့သည်။ သို့သော် ကျွန်မသည် မောင်နှင့်အတူ မိုးခိုခဲ့သော ဂျပ်ဆင်ဘက် သွားရာလျှောက်လှမ်းသို့ မရောက်မီမှာပင် ကျွန််မခြေအစုံသည် ရပ်တန့်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မိုးရွာထဲ၌ ကျွန်မနှင့်မျက်နှာချင်းဆိုင်တွင် ထီးမပါဘဲ ရပ်နေသော မောင့်ကို မြင်ရသောကြောင့်ဖြစ်သည်။ မောင့်ကိုမြင်လိုက်ရသော ခဏ၌ ကျွန်မ သေလောက်အောင် အံ့သြသွားသည်ဟု ပြောလျှင်လွန်မည်မထင်ပါ။ မောင်က ကျွန်မကို မိုးစက်များကြားမှပင် ကြည့်နေသည်။ မောင့်မျက်ဝန်းကို ကောင်းစွာမမြင်ရသဖြင့် မောင့်အကြည့်တွင် အမုန်းတရားနှင့် အချစ် ဘယ်ဟာ ပါမည်ကို မသိနိုင်ပေ။ ထို့ပြင် မောင့်ပါးပြင်သည်လည်း မျက်ရည်များဖြင့် စိုစွတ်နေခြင်းပေလော။ သို့မဟုတ် မိုးစက်များကြောင့်ပင် စိုစွတ်နေခြင်းပေလောကို မသိရပေ။ မောင့်ရင်ခွင်သို့ လွန်ခဲ့သည့် ၁ဝနှစ်ကလို ပြေးခိုပြီး မောင့်အနမ်းတွေခံယူချင်မိသော်လည်း ကျွန်မ၏ ခြေထောက်များက နေရာမှ မရွှေ့ဘဲ မျက်လုံးများက မောင့်ကိုသာ အံ့သြပြီးကြည့်နေမိသည်။ နှုတ်ခမ်းကမူ “မောင်။” ဟု တိုးတိုးညင်ညင်သာသာ ထွက်သွားသည်။ မောင်ကြားနိုင်မည်တော့မထင်။ အဘယ့်ကြောင့်ဆိုသော် မောင့်နားရောက်ရန် မိုးစက်သံများက ခံနေသောကြောင့်ပင်ဖြစ်သည်။ ####################

Comments

Popular posts from this blog

Evermore Album Review

ထွေးငယ်