“ဆယ့်လေးနှစ်ကြာပြီးနောက်”

 
သူသည် သစ်ပင်အောက်တွင် ကားရပ်လိုက်ပြီး လေးထပ်တိုက်အဆောက်အအုံ အဟောင်းဆီသို့ ငေးကြည့်လိုက်သည်။ မနေ့က သူ့ထံသို့ စာတစ်စောင် ရောက်လာသည်။ ထိုစာမှာ ဤအဆောက်အအုံအား ဖြိုချပြီး ကန်ထရိုက်တိုက် အသစ်ဆောက်တော့မည်ဆိုသည့် အကြောင်းကြားစာဖြစ်သည်။ အဆောက်အအုံမှာလည်း အတော်လေးပင် ဟောင်းနွမ်းနေပြီဖြစ်သည်။ သူကားထဲမှ ထွက်ပြီး ဆောက်အအုံဆီသို့ မှန်မှန်လေး လျှောက်လာသည်။ သူ့ခြေလှမ်းတွေက မှန်မှန်နှင့် လေးကန်နေသော်လည်း သူ့နှလုံးသားက အတော်လေးပင်ခုန်နေသည်။ လှေကားပေါ်သို့ မှန်မှန်တက်သွားပြီး နှစ်ထပ်ရောက်သောအခါ သူ့ခြေလှမ်းများရပ်တန့်သွားသည်။ ဟောင်းနွမ်းနေပြီဖြစ်သော ကျွန်းတံခါးအိုကြီးကို သူသက်ပြင်းချကာငေးမောနေလိုက်မိသည်။ ဤတိုက်ခန်းသည် လွန်ခဲ့သော ဆယ့်လေးငါးနှစ်ကသူ့ဘဝ ဧ။် အမှတ်တရ နေ့ရက်များအား ဖြတ်သန်းခဲ့သော  တိုက်ခန်းဖြစ်သည်။ အတန်ကြာမှ ဘောင်းဘီအိတ်ထဲတွင် ပါလာသည့် သော့ထုတ်ပြီး တံခါးဘုတွင် ရှိနေသော ဖုန်များခါကာ သော့ဖွင့်လိုက်သည်။
“ချောက်”
သော့ပွင့်သွားပြီးနောက် တံခါးဘုအား သူကိုင်လိုက်သည်။ တံခါးဘုကို ဆွဲမဖွင့်ခင် သူ မျက်လုံးများမှိတ်လိုက်သည်။ သူမေ့ထားခဲ့သော သူ့ဘဝ အစိတ်အပိုင်းတစ်ခုအား ဖော်ထုတ်ဖို့ အဆင်သင့်ဖြစ်ပြီလားဟု မိမိကိုယ်ကို  ပြန်မေးမိသည်။ သူ့ဘဝဧ။် အပျော်ရွှင်ဆုံးကာလနှင့် ရင်အနာရဆုံးကာလအား ပြန်လည်တူးဖော်ရန် သူအဆင်သင့်မဖြစ်သေးသော်လည်း ဤတံခါးအားသူဖွင့်ဖို့ သေချာဆုံးဖြတ်လိုက်သည်။
တံခါးအား ဖြည်းဖြည်းမှန်မှန်လေး ဖွင့်လိုက်သည်။
“မြူ”
သူ့နှုတ်မှ နာမည်တစ်ခုသည် အလိုလိုထွက်လာခဲ့သည်။ ထိုနာမည်အား ခေါ်မိသည်နှင့် သူ့နှလုံးသားသည် အလွန်နာကျင်လာသည်။ လွန်ခဲ့သော ဆယ့်လေးနှစ်ခန့်က ဤတံခါး ဖွင့်လိုက်တိုင်း တံခါးဧ။် တစ်ဖက်တွင် မျက်လုံးအညိုရောင်၊ ဆံနွယ်အနက်ရောင်၊ အသားဖြူဖြူ မိန်းမတစ်ယောက်သည် သူ့ကို အမြဲစောင့်ကြိုနေလေ့ရှိသည်။ တစ်ခါတစ်ရံ ထမင်းစားပွဲတွင် ထိုင်နေ၍သော်လည်းကောင်း၊ ဧည့်ခန်းထဲတွင် စာအုပ်ဖတ်နေ၍သော်လည်းကောင်း၊ တံခါးဖွင့်သံကြားသည်နှင့် အိပ်ခန်းထဲမှ အပြေးထွက်၍သော်လည်းကောင်း သူ့ဆီပြေးလာပြီး
“ဟော   မောင်တောင် ပြန်လာပြီ” ဟုဆိုကာ သိုင်းဖက်ပြီး အနမ်းမိုးများ သူ့နှုတ်ခမ်းပေါ်တွင် ရွာသွန်းဖြိုးကာ သူ့ကို အမြဲကြိုဆိုလေ့ရှိသည်။
ယခု သူတံခါးဖွင့်လိုက်သောအခါ အချိန်အတော်ကြာ လူမနေသဖြင့် ဖုန်များဖြင့် ဖုန်လွှမ်းနေသော အခန်းနှင့် ပရိဘောဂ ပစ္စည်းများကိုသာ မြင်ရသည်။ သူတံခါးပြန်ပိတ်လိုက်သည်။ ဖိနပ်ချွတ်ဖို့ ကြံရွယ်ပြီးမှ ဖုန်တင်နေသော ကြမ်းပြင်ကို ငုံ့ကြည့်ရင်း မချွတ်တော့ဘဲ စီးမြဲအတိုင်း စီးထားလိုက်သည်။ သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဖုန်တွေတင်နေသော ဧည့်ခန်းထဲရှိ ဆက်တီခုံအား ကြည့်ပြီး ထိုထိုင်ခုံတွင် ထိုင်လေ့ရှိသော မြူကို မြင်ယောင်မိသဖြင့် မျက်ရည်က မသိမသာဝဲလာသည်။




“မောင်ရေ …. ဒီနေ့ မောင်ကြိုက်တဲ့ ဟင်းချက်ထားတယ်။ ခနနားပြီး ရေချိုးပြီးရင် ထမင်းစားရအောင်နော်။ နေ့လည်စာက တစ်ယောက်ထဲ စားရတာ စားမကောင်းဘူးမောင်ရယ်။ မောင်ကတော့ ရုံးမှာ အဖော်ရှိတော့ စားကောင်းမှာပေ့ါ။ မြူကတော့ တစ်ယောက်တည်းမောင်ရဲ့” မြူသည် ထိုကဲ့သို့ သူပြန်ရောက်ရောက်ချင်း သူ့လက်ထဲမှ ထမင်းချိုင့်ယူတိုင်း ပြောတတ်လေ့ရှိသည်။ ထိုအခါ မြူ့ကို အိမ်မှာ ထားခဲ့ရသည့်အတွက် စိတ်မကောင်းပေ။ ရုံးတွင် အချိန်ပို ရှိပါက နာရီကိုသာ မော့ကြည့်မိရင်း မြူတစ်ယောက် ဘယ်လောက်တောင် ပျင်းနေမလဲဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရသည်။
မြူ၏ ကျန်းမာရေးမှာ သိပ်ကောင်းလှသည် မဟုတ်။ မိုးတအားအေးသည့်အခါတိုင်း တုန်တုန်ယင်ယင်ဖြစ်ပြီး နေမကောင်း ခဏခဏ ဖြစ်လေ့ရှိသည်။ ဆောင်းတွင်းတွင်လဲ အအေးပိုပါက အနည်းငယ်ပေါ့လျော့မိသည်နှင့် နေမကောင်းဖြစ်ပြန်သည်။ နေမကောင်းဖြစ်သည်နှင့် မျက်နှာက တအားချောင်ကျသွားပြီး ကိုယ်အလေးချိန်ပါ လျော့ကျသွားတတ်သဖြင့် မိုးတွင်းနှင့် ဆောင်းတွင်း အအေးပိုသော အချိန်များ၌ ပိုုုုပြီး ဂရုစိုက်ရသည်။
သူနှင့်မြူတို့ လျှောက်လှမ်းခဲ့သော ခရီးလမ်းသည် သာယာဖြောင့်ဖြူးလှသည်မဟုတ်။ မြူ့ကို ယူမည်ဟု ဆုံးဖြတ်ခဲ့ခြင်းအတွက် သူ့မိဘနှစ်ပါးက သူ့ကို အမွေပြတ်စွန့်လွှတ်ခဲ့သည်။ သူကလည်းနောက်မဆုတ်။ အမွေပြတ်စွန့်လွှတ်သော်လည်း သူ့အတွက်က အရေးမကြီး။ အရေးကြီးသည်က မိမိချစ်သူနှင့် ပေါင်းဖက်ရရေးဖြစ်သည်။ မြူက တစ်ခါတစ်ရံ သူ့ကိုယ်သူအပြစ်တင်သည်။ သူမကြောင့် သူ့ဘဝ ရုန်းကန်ရသည်ဟု အမြဲထင်မြင်လေ့ရှိသည်။
သူ မြူနှင့် လက်ထပ်စာချုပ်၌ လက်မှတ်ထိုးပြီးနောက် ယခု အိမ်လေးကို ငှားနေကြသည်။ သူက ဘွဲ့ရတစ်ဦးမို့  ကျောင်းပြီးသည်နှင့် အလုပ်ရသည်။ သူ့လခမှာ များလှသည်မဟုတ်သော်လည်း အိမ်ငှားခနှင့် သူတို့နှစ်ယောက်အတွက် စားဖို့သောက်ဖို့ ဖူလုံခဲ့သည်။ သို့သော် မြူတစ်ယောက် နေမကောင်းဖြစ်ပါက တစ်ခါတရံ တစ်လခ အိမ်ငှားခလေးပါ ပြောင်သွားတတ်သည်။ မြူက အပြင်ထွက် အလုပ်လုပ်မည်ပြောသော်လည်း သူက လက်မခံနိုင်။ ကျန်းမာရေး မကောင်းသည့်သူဖြစ်သည့်အတွက် သူစိတ်မချ။
အိမ်လခက တစ်ခါတစ်ခါ ပုံမှန်မပေးနိုင်ပေ။ မပေးနိုင်သည့်လများတွင် အိမ်ရှင် အန်တီမာက သည်းခံပြီး စောင့်ပေးသည်။ သူနှင့် မြူ့ကိုလဲ အတော်လေး ချစ်ခင်သည်။ ချစ်ခင်ခဲ့၍လည်း ယခုုအိမ်အား ဖျက်ပြီး အဆောက်အအုုံအသစ်ဆောက်မည်ဖြစ်ကြောင်းကိုု သူ့ထံမရမကဆက်သွယ်အကြောင်းကြားခဲ့သည်။ ယခုုအိမ်လေးသည် သူနှင့်မြူအတွက် တစ်ခေါက်ခိုနားရာ သုခဘုံလေးဖြစ်ခဲ့သည်။
“ဟင် မြူ မျက်နှာမကောင်းပါ့လား။ ဘာဖြစ်လိုု့လဲ” တစ်ခါက သူပြန်ရောက်လာသည်ကိုု ငိုုမဲ့ငိုုမဲ့မျက်နှာဖြင့် ဆီးကြိုသော ချစ်ဇနီးအား စိတ်ပူစွာမေးလိုုက်သည်။
“ဘာမှ မဖြစ်ပါဘူးမောာင်ရယ်။ ဒီနေ့ပျင်းပျင်းရှိတာနဲ့ တက္ကသိုုင်ဘုုန်းနိုုင်ရဲ့ သူငယ်ချင်းလိုု့ပဲ ဆက်၍ခေါ်မည်ခိုုင် ကိုုဖတ်လိုုက်တာ အရမ်းသနားဖိုု့ကောင်းတာပဲ မောင်ရယ်။ ခုုနက မှ ဖတ်လိုု့ပြီးသွားတာ။ နောက်ဆုုံး ခိုုင်သေသွားတယ်မောင်ရဲ့။”
“အဲဒါက ဝတ္ထုထဲမှာလေ မြူရဲ့။ အပြင်မှာမှ မဟုုတ်တာ။ မသိပါဘူးမြူရယ်။ မောင်ကတော့ တစ်ခုုခုုဖြစ်လိုု့လိုု့ ထင်နေတာ။”
မြူသည် တစ်ခါတစ်ခါ ကလေးတော်တော်ဆန်သည်။ ဝတ္ထုများဖတ်ပြီးလည်း ဝမ်းနည်းရင် ဝမ်းနည်းနေပြန်သည်။ ဝမ်းနည်းစရာကောင်းသည့် ဝတ္ထုဖတ်ထားပါက သူပြန်လာသည့်အချိန်တိုုင်း သူ့ရင်ခွင်ထဲတိုုးပြီး သူ့ကိုု တင်းကျပ်စွာ ဖတ်ထားလေ့ရှိသည်။ ထိုုသုုိ့ ပြုမူသည့် အခါတိုုင်းသူက “ဒီနေ့ ဇာတ်သိမ်း မကောင်းဘူးထင်တယ်”ဟုု ပြန်ပြောလေ့ရှိသည်။
သူမျက်လုုံးအစုုံကိုု ပြန်မှိတ်လိုုက်သည်။ အတိတ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများက ရုုပ်ရှင်ပိတ်ကား တစ်ခုုကဲ့သိုု့ သူ့အာရုံတွင် ပေါ်လာသည်။ နားထဲတွင် “မောင်” ဟုု ခေါ်လေ့ရှိသော မြူ၏ အသံကိုုသာ ကြားယောင်နေသည်။
ဧည့်ခန်းအတွင်းမှ အိပ်ခန်းဘက်ဆီသိုု့ သူလေ ျှာက်သွားခဲ့သည်။ အိပ်ခန်းတံခါးမဖွင့်မီ သူရှိုက်ရှိုုက်ပြီး ငိုုချင်လာသည်။ သိုု့သော်လည်း မနည်းစိတ်ထိန်းပြီး တံခါးကိုု ဖြည်းညှင်းစွာ ဖွင့်လိုုက်သည်။ သူတိုု့နှစ်ယောက် အိပ်စက်ခဲ့သော အိပ်ရာသည် ဧည့်ခန်းကဲ့သိုု့ပင် ဖုုန်များတက်နေလေသည်။
မနက်လင်း အိပ်ယာထတိုုင်း မြူ၏ ဆံနွယ်များကိုု ပွတ်သတ်ရင်း နိုုးထလေ့ရှိသည်။ သူမြူ့ကိုု စပြီး သတိထားမိသည်မှာ ထိုုဆံနွယ်များကြောင့်ဖြစ်သည်။ မည်းနက်လှသော ဆံနွယ်များနှင့် ၀ိုုင်းစက်လှသော မျက်လုုံးများကြောင့် မြူကိုု ကျောင်းတက်စဉ်က သတိထားမိခြင်းဖြစ်သည်။ မြူက ကျောင်းကိုု လာတစ်ချက် မလာတစ်ချက်ဖြစ်သည်။ နောက်ကျမှ မြူ ကျောင်းမမှန်ရသည့်အကြောင်းကိုု သူသိတော့သည်။ ကျန်းမာရေး ကောင်းသူမဟုုတ်၍ ကျောင်းခနခန ပျက်ရသည်။ ထိုု့ကြောင့်ပင် ဒုုတိယနှစ် ကျောင်းပြီးသောအခါ ကျောင်းထွက်သွားသည်။ သူ့မိဘ နှစ်ပါးက မြူနှင့် သဘောမတူခဲ့သည်မှာ ကျန်းမာရေးမကောင်းသည့်အချက်နှင့် ဘွဲ့မရသည့်အချက်တိုု့ကြောင့် ဖြစ်သည်။ အစက ထိုုကဲ့သိုု့ ခါးခါးသီးသီး ကန့်ကွက်မည်ဟုု မထင်ခဲ့။ နောက်မှ အတော်လေး အပြင်းအထန် ကန့်ကွက်ကြသဖြင့် အထုုတ်ဆွဲပြီး အိပ်ပေါ်က ဆင်းကာ မြူနှင့်အတူ ဘဝကိုု အတူတကွ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုုသိုု့ ပြုလုုပ်ခဲ့၍ သူတစ်ခါမှ နောက်တမရပေ။ ဘဝတွင် မှန်ကန်သည့် ဆုုံးဖြတ်ချက်တစ်ခုု ချမှတ်ခဲ့သည်ဟုု အမြဲ ယုုံကြည်သည်။
သူတိုု့နှစ်ယောက် တည်ဆောက်ခဲ့သော ဘဝသည် သိပ်သာယာလှသည်မဟုုတ်။ မိဘမဲ့ဖြစ်သော မြူနှင့် အိမ်မှ ဆင်းခဲ့သော သူ တိုု့နှစ်ဦးမင်္ဂလာပွဲတွင် အသိသက်သေဟူ၍ နှစ်ယောက်သာရှိခဲ့သည်။ အိမ်ရှင် အန်တီမာတိုု့ လင်မယားသာ သူတိုု့နှစ်ယောက် လက်မှတ်ထိုုးပွဲသိုု့ တက်ရောက်ခဲ့ကြသည်။ လက်မှတ်ထိုုးပြီသည်နှင့် ဟန်နီးမွန်းခရီးလည်း မထွက်နိုုင်ခဲ့ပေ။ သုုံးစရာပိုုက်ဆံမရှိတော့၍ အလုုပ်ကိုု အပူတပြင်းရှာရသည်။ မြူက သူမတတ်ကျွမ်းသော သိုုးမွေးထိုုးပြီး သိမ်ကြီးစျေးတွင်သွားရောင်းမည်ဟုုပြောရှာသည်။ သိုု့သော် သူ့အနေဖြင့် မြူကိုု ပင်ပန်းဆင်းရဲ မနေစေလိုုပေ။ ကံကောင်းသည်က သူ့အတွက် အလုုပ်သိပ်မရှာရ။ တစ်ပတ်အတွင်းပင် အလုုပ်ရသွားသည်။ သိုု့သော် မနက်လင်း အလုုပ်သွားတော့မည်ဆိုုတိုုင်း ချစ်ဇနီး အသစ်စက်စက်လေးအား မခွဲနိုုင်ပေ။ သူရုုံးသွားတိုုင်း မြူက “မြန်မြန်ပြန်လာနော် မောင်” ဟုု မှာရှာသည်။ ထိုု့ကြောင့်ပင် သူတိုု့ အိမ်ထောင်သက် နှစ်နှစ်တာ ကာလအတွင်း ရုုံးကနေ အိမ်သိုု့သာ တန်းပြန်သည်။
သူ ကုုတင်ခြေရင်းရှိ ပြတင်းပေါက်နားသိုု့ လေ ျှာက်သွားသည်။ ပြတင်းပေါက်ကိုု ဖြည်းညှင်းစွာ ဖွင့်လိုုက်သည်။



“မောင်….. အေးတယ်။ ဘာလုုိ့ ဖွင့်တာလဲ။ ပြန်ပိတ်လိုုက်ပါ” ဆောင်းတွင်းအအေးပိုုသည့် အချိန်များတွင် သူပြတင်းပေါက် ဖွင့်ပါက အိပ်ယာထက်မှ အလန့်တကြားလှမ်းအော်လေ့ရှိသည်။
တနင်္ဂနွေလိုုနေ့မျိုးတွင် ထိုုပြတင်းပေါက်မှ လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာလုုပ်ကြသော လူများကိုု ကြည့်ရင်း သူတိုု့နှစ်ယောက် စကားတွေပြောကြသည်။ ကလေးတွေ ဘောလုုံးကန်နေသည်ကိုု မြင်တိုုင်း သူငယ်ငယ်က သူငယ်ချင်းများနှင့်  ဘောလုုံးကန်ခဲ့သည့်အကြောင်းများ ပြောဖြစ်ကြသည်။ မြူက သူမငယ်ငယ်က မိဘနှစ်ပါးဆုုံးပါးသွားသဖြင့် အဒေါ်အိမ်တွင် မည်သိုု့ ခက်ခက်ခဲခဲ နေထိုုင်ခဲ့ရကြောင်းပြောသည့်အခါတိုင်း သူစိတ်မကောင်း အတော်ဖြစ်ရသည်။
“မောင်သိလား။ မြူငယ်ငယ်က ဘုုရားပွဲတစ်ခုုသွားတော့ ဇော်ဂျီရုုပ်သေးရုုပ်ကိုု မြင်တော့ အရမ်းလိုုချင်ခဲ့တာလေ။ ဒါပေမယ့်လည်း မပူဆာရဲပါဘူးမောင်ရယ်။ အဒေါ်က ဝယ်ပေးမှာမှ မဟုုတ်တာ။ သူတိုု့တောင်မှ သူတိုု့ကိုုယ်သူတိုု့ အနိုုင်နုုိင်ရုုန်းနေရတာ။ မြူ့ကိုု ကျောင်းထားပေးတာကိုုးက အတော်လေး ကျေးဇူးတင်ဖုုိ့ကောင်းနေပြီ။ ဒါပေမယ့် အဒေါ်သား အငယ်ဆုုံးက အဲဒီအရုုပ်လေးကိုု ဝယ်လာတော့ ပျော်လိုုက်တာ မောင်ရယ်။ အိမ်ရောက်တော့ သူတိုု့ မသိအောင် အဲဒီအရုုပ်လေးနဲ့ ဆော့ရတာ။ ငယ်ငယ်က မြူသိပ်ဖြစ်ချင်တာက ရုုပ်သေးအကဆရာ။ ကိုုယ်လုုပ်သလိုု အရုုပ်လေးက ကနေရတာလေ။” ထိုုစကားကြားစဉ်က သူ အတော်လေးဝမ်းနည်းမိသည်။ မပြည့်စုံခဲ့သည့် မြူ့ဘဝသည် သူနှင့်အတူနေသည့်အခါတွင်လည်း မပြည့်စုံခဲ့ပေ။
သူတို့နှစ်ဦးဘဝသည် အပြည့်စုံကြီးမဟုတ်သော်လည်း အတော်လေး ပျော်စရာကောင်းသည်။ ရုံးပိတ်ရက်လိုမျိုးတွင် ဘုရားအတူတူသွားကြသည်။ ပန်းခြံထဲ သွားပြီး လမ်းလျှောက်ချင်လျှောက်ကြသည်။ တစ်နေကုန်အပြင်မထွက်ဘဲ စာအုပ်ကိုယ်စီဖြင့် စာဖတ်ချင်ဖတ်နေကြပြန်သည်။ သူတို့အိမ်တွင် တီဗွီမရှိ။ ကတ်ဆက်ဟူ၍လည်း မရှိပေ။ အိမ်ထောင်သက်တစ်နှစ်ပြည့်မှ ရေဒီယိုလေးတစ်လုံးဝယ်နိုင်သည်။


သာယာအေးချမ်းလှသော သူတို့နှစ်ယောက်ကမ္ဘာသည် တစ်ခုသော ဆောင်းတွင်းတွင် ပျက်စီးယိုယွင်းခဲ့ရသည်။ မြူသည် ငယ်စဉ်ကတည်းက သိုးမွေးဆွယ်တာများ ထိုးတတ်သူဖြစ်သဖြင့် သူ့အတွက် သိုးမွေးဆွယ်တာလေးထိုးပေးရန် အမြဲလိုချင်တောင့်တနေခဲ့သည်။ ထို့ကြောင့်အိမ်ထောင်သက် ဒုတိယနှစ် မိုးကုန်စပြုသောအခါ သူ့အတွက် သိုးမွေးဆွယ်တာလေး စထိုးသည်။ သူပြန်လာတိုင်း ဧည့်ခန်းထဲရှိ ဆက်တီခုံပေါ်တွင် အမြဲတစေထိုင်ပြီး သိုးမွေးထိုးနေတတ်သည်။
တစ်ခုသော ညနေခင်းတစ်ခုတွင် သူအိမ်ပြန်လာသည်။ တံခါးခေါက်သော်လည်း တံခါးလာမဖွင့်ပေးသဖြင့် သူစိတ်ပူသွားသည်။ အိမ်ထောင်သက်နှစ်နှစ်ကာလအတွင်း သူရုံးမှ ပြန်လာတိုင်း မြူက အမြဲ တံခါးလာဖွင့်ပေးနေကြဖြစ်သည်။ ထို့ကြောင့် အိမ်ရှေ့ ပန်းအိုးအောက်၌ မြှပ်ထားသော သော့ကိုယူလိုက်ပြီး တံခါးဖွင့်လိုက်သည်။
သူအိမ်ထဲဝင်လာသည်။ အိမ်ထဲတွင် မည်သူမှ မရှိပေ။ သူပြန်ရောက်တိုင်း အမြဲဆီးကြိုတတ်သော မြူ့ကိုမတွေ့ရ။ စားပွဲပေါ်တွင် စာတိုစာစ များ ထားခဲ့လေမလားဟု ရှာသော်လည်း ဘာမှ မတွေ့ရပေ။ သူစိတ်အတော်ပင် ပူပင်သွားသည်။ ထမင်းချိုင့်နှင့်လွယ်အိတ်ကို ဆက်တီခုံပေါ်တင်ပြီး အိမ်ရှင် အန်တီမာ့အခန်းသွားကာ မြူတစ်ယောက်များ လာသလားဟုသွားမေးသည်။ အန်တီမာကလည်း သူမသိဟုပြန်ဖြေသဖြင့် သူရင်လေးစွာအိမ်ပြန်လာခဲ့ရသည်။
သူရုံးမှ ပြန်လာသည့်အခါတိုင်း မြူ့ကိုတွေ့နေကြဖြစ်သဖြင့် သူ့ရင်ထဲက ဟာတာတာဖြစ်နေသည်။ အိပ်ခန်းကုတင်ပေါ်တွင် ထိုးလက်စ သိုးမွေးဆွယ်တာကိုသာ တွေ့ရသည်။ သူရေလည်းမချိုးနိုင်။ အဝတ်ပင် မလဲနိုင်ဘဲ ခေါက်တုံ့ခေါက်ပြန်သာ လမ်းလျှောက်နေမိသည်။ ဘေးပတ်ဝန်းကျင်အိမ်များသို့လည်း မြူက ဝင်ထွက်သွားလာနေကြ မဟုတ်၍ သူသွားမမေးတော့။
သို့သော်လည်း အိမ်တွင် ကောင်းကောင်နေနိုင်မည်မဟုတ်သဖြင့် အပြင်ထွက်လာခဲ့သည်။ မြူသွားနေကြဖြစ်သော ရပ်ကွက်ထဲရှိ စျေးသို့သွားရှာသည်။ ညနေစောင်းဖြစ်သဖြင့် စျေးပင်ပိတ်နေပြီဖြစ်သည်။ ထိုအချိန်တွင်ပင် မိုးက သည်းကြီးမည်းကြီးရွာချသည်။ သူ့တွင် ထီးမပါ။ စျေးထဲတွင် မရှိသဖြင့် သူ့တခြားနေရာများအား မစဉ်းစားတတ်တော့ပေ။ ထို့ကြောင့်မိုးရွာထဲ ထီးမပါဘဲ ပြန်လာခဲ့သည်။ မိုးရေစိုသည်ကို ဂရုမစိုက်နိုင်။ မြူတစ်ယောက်မိုးမိမှာလဲ စိုးကြောက်မိပြန်သည်။ မိုးမိပါက ဖျားပေဦးမည်။
သူအိမ်ပြန်ရောက်သောအခါ မြူပြန်မရောက်သေးပေ။ မိုးရွာထဲ အပြင်ထွက်သွားသော မြူ့ကို သူတော်တော် စိတ်တိုမိသည်။ စိုနေသော အဝတ်ကိုပင် မလဲနိုင်ဘဲ ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်မိသည်။ ထို့သို့ သူဂနာမငြိမ်ဖြစ်နေစဉ်တွင်ပင် အိမ်ရှေ့တံခါးမကြီးပွင့်လာပြီး မြူ ဝင်လာသည်။ သူ့ကိုမြင်သောအခါ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မိုးတွေစိုရွှဲနေသော သူ့ကို မြင်သောအခါ
“မောင် ရောက်တာကြာပြီလား။ မိုးတွေရွဲနေတာပဲ မောင်ရယ်။ ထီးယူသွားရဲ့သားနဲ့ ဘာလို့ ရွှဲရတာတုန်း။  မြူလည်း သိပ်မကြလှဘူးထင်လို့ ထွက်သွားလိုက်တာ။ ဒါပေမယ့် ပြန်လာတော့ ကားမှားစီးပြီး မှော်ဘီထိရောက်သွားတယ်မောင်ရယ်။ ဒါနဲ့ပဲဒီဘက်ကို ကားပြန်စီးရတာ။ ဒါ့ကြောင့် ကြာသွားတာမောင်ရဲ့။” ဟု ပြောပြောဆိုဆိုနှင့် သူ့ဆီပြေးလာသည်။ မြူပြောသမျှကို သူမျက်မှောင်ကြုတ်ပြီး နားထောင်နေမိသည်။
သူ့မျက်နှာတွင် ဒေါသ အခိုးအငွေ့များ ဖုုံးလွှမ်းနေမှန်း သူသိသည်။ မြူပြောသည့်ထဲတွင် ကားမှားစီးပြီး မှော်ဘီထိရောက်သွားတာဆိုသော အရာသာ နားထဲပဲ့တင်သံ ထပ်နေသည်။
“မောင်………. မြူ့ကို စိတ်ဆိုးနေတယ်မဟုတ်လား” မြူသည် သူ့ကို သိုင်းဖက်လိုက်သည်။ သူမလက်ထဲမှ အထုပ်ကို ဆက်တီပေါ်လှမ်းတင်လိုက်သည်။ ဒေါသအရှိန်ကြောင့် သူ့နှလုံးခုန်သံသည် အတော်လေးမြန်နေခဲ့သည်။
“စိတ်မဆိုးပါနဲ့တော့မောင်ရယ်။” မြူ့အသံသည် အတော်လေး ပျော့နေသည်။
“မင်းဘာလို့ ငါ့ကို ပြောမသွားတာလဲ” သူ့အသံကမူ အတော်လေးမာနေသည်။
“မြူက သိပ်မကြာလှဘူးလို့ထင်လို့ပါ။ ပြီးတော့ မောင်ရုံးမဆင်းခင်တော့ ပြန်ရောက်မှာပဲ ဆိုပြီး ထွက်သွားတာ။ မောင့်အတွက် သိုးမွေးဆွယ်တာလေးထိုးနေတုန်း သိုးမွေးမလောက်တော့ လို့ပါ မောင်ရယ်။ ဒီနှစ်ဆောင်းတွင်းကျရင် မောင် ဆွယ်တာအသစ်လေး ဝတ်ရအောင်လို့ပါ။”
သူဘာမှ မပြောတော့။ သူ့ကို ဖက်ထားသော မြူ့လက်မောင်းများကို ဖြေလျှော့လိုက်ပြီး အိပ်ခန်းထဲ ဝင်သွားလိုက်သည်။ ကျန်းမာရေး မကောင်းလှသူမို့ တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေရ၍ ယခုကဲ့သို့ သူမသိဘဲ ထွက်သွားခြင်းကို သူလက်မခံနိုင်ပေ။ တော်သေးသည်က မြူမိုးမိလာပုံ မပေါ်။ သူရေစိုနေသော အဝတ်တွေ ချွတ်ပြီး အိပ်ယာပေါ်ပစ်လှဲလိုက်သည်။ ကုတင်ခြေရင်းတွင် တင်ထားသော ထိုးလက်စ သိုးမွေးဆွယ်တာကို စိတ်ပေါက်ပေါက်ဖြင့် ကန်ပစ်လိုက်သည်။
သူကန်ပစ်လိုက်သော သိုးမွေးဆွယ်တာမှာ အိပ်ခန်းထဲသို့ဝင်လာသော မြူ့ခြေရင်းရောက်သွားသည်။ မြူသည် သူမ ခြေရင်းသို့ရောက်လာသော သိုးမွေးဆွယ်တာကို ငုံ့ကြည့်ပြီး
“မောင်” ဟု ငိုသံတစ်ဝက်ဖြင့် လှမ်းအော်သည်။ မြူစငိုတော့သည်။
“မောင် ဘာလို့ ဒါကို ကန်ပစ်ရတာလဲ။ မောင်စိတ်ဆိုးချင်လဲ စိတ်ဆိုးပါ။ ဒါပေမယ့်  အခုလို ကန်ပစ်တာတော့ မကောင်းဘူး။ မြူက မောင့်အတွက် ဒီနှစ်မှာတော့ ဆွယ်တာ အသစ်လေးဝတ်ရအောင်ဆိုပြီး ထိုးပေးနေတာ။ မောင်မကျေနပ်တာရှိရင်လဲ ပြောပါမောင်။ ဒါပေမယ့် အခုလို မြူ အမြတ်တနိုး ထိုးပေးနေတဲ့ သိုးမွေးဆွယ်တာကို ကန်ပစ်တာတော့ မကောင်းဘူး”
မြူသည် သူမခြေရင်းရှိ ဆွယ်တာအား ပြန်ကောက်ပြီး တရှိုက်ရှိုက်ဖြင့်ငိုတော့သည်။ သူစိတ်မကောင်းပေ။ သို့သော်လည်း အရူးတစ်ယောက်ကဲ့သို့ မိုးရွာထဲ ဟိုပြေးဒီပြေးဖြင့် မြူ့ကို လိုက်ရှာခဲ့သော သူ့ဖြစ်အင်ကိုလည်း စိတ်ပျက်မိသည်။ မြူ့ကို ပွေ့ဖက် ချော့ရအောင်လည်း သူမလုပ်ချင်ပေ။ စာလေးတစ်စောင်တလေ ထားမသွားခြင်းကိုသာ စိတ်ပျက်မိသည်။
မြူသည်ငိုရင်းပင် သူချွတ်ထားခဲ့သော ရေစိုအဝတ်များကို လိုက်ကောက်ရှာသည်။ ထို့နောက် ရေချိုးခန်းထဲသွားစိမ်သည်။ သူ့အဝတ်တွေ လျှော်တော့မည်ကို သူသိသဖြင့် ရေချိုးခန်းနားသို့ ရောက်အောင်သွားပြီး
“မောင် ရေချိုးတော့မယ်” ဟု တုံးတိတ်ိပြောကာ ရေချိုးခန်းထဲဝင်လိုက်သည်။ မြူက သူ့ကို မော့ပင်မကြည့်တော့ဘဲ အပြင်ထွက်သွားသည်။ သူရေချိုးရင်း ရေစိုနေသောသူ့အဝတ်တွေကိုပါ လျှော်လိုက်သည်။
သူရေချိုးပြီးသောအခါ ထမင်းစားစားပွဲတွင် ထမင်းဟင်းများ အဆင်သင့် ခူးခပ်ထားသည်ကို တွေ့ရသည်။ သို့သော် မြူကတော့ ထမင်းစား စားပွဲတွင်မရှိ။ ဧည့်ခန်းထဲတွင် သိုးမွေးအကျင်္ီကိုသာ ထိုင်ထိုးနေသည်။ သူထမင်းစား စားပွဲတွင်ထိုင်သောအခါတွင်မူ သူနှင့်အတူ ထမင်းလာစားသည်။ သို့သော် စကာတစ်ခွန်းမှ မပြောပေ။ သူစိတ်ကသိကအောက်ဖြစ်မိသည်။ သို့သော်လည်း သူကိုယ်တိုင်ပင် စကားတစ်ခွန်းမှ ပြန်မပြောမိပေ။ ထိုအကြောင်းပြန်တွေးတိုင်း သူနောင်တရသည်။
ထမင်းစားပြီးသောအခါ သူအိပ်ယာဝင်ခဲ့သည်။ မြူကတော့ ဧည့်ခန်းတွင်သာငုတ်တုတ်ထိုင်ပြီး သိုးမွေးဆက်ထိုးနေသည်။ မနက်မိုးလင်းသောအခါ ဖူးယောင်နေသော မြူ့မျက်လုံးများကို မြင်သဖြင့် တစ်ညလုံးငိုထားမှန်း သူရိပ်မိလိုက်သည်။ သူစိတ်မကောင်းပေ။ ထို့ကြောင့် မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသော မြူ့ကို နောက်မှ သိုင်းဖက်လိုက်သည်။ သူဖက်လိုက်သည်နှင့် ဘယ်အချိန်ကတည်းက အောင့်ထားလဲမသိသော မြူက ရှိုက်ကြီးတငင်ငိုလေသည်။ သူဘာပြောရမှန်းမသိပေ။ ထို့ကြောင့်ပင် တင်းတင်းကျပ်ကျပ်ဖက်မြဲအတိုင်းဖက်ထားလိုက်သည်။
ရှစ်နာရီခွဲသောအခါ သူရုံးသွားရန်ပြင်ရတော့သည်။ မြူက ထမင်းချိုင့်ကိုင်ရင်း အိမ်ရှေ့တံခါးဝဆီသို့ လိုက်ပို့သည်။ အိမ်မှ ထွက်ခါနီးတွင် မြူ့နဖူးပြင်ကို နမ်းပြီး လျှောက်မသွားရန်နှင့် မငိုတော့ရန် မှာခဲ့သည်။ မြူက ခေါင်းညိတ်ရှာသည်။
                                      *************************
ညနေရုံးဆင်း ပြန်လာသောအခါ သူ့ခြေလှမ်းများက တက်ကြွနေခဲ့သည်။ မနေ့က ဖြစ်ခဲ့သောကိစ္စများက ခေါင်းထဲတွင် မရှိတော့။ ပြန်ရောက်သည်နှင့် ရေမိုးချိုးပြီး မြူ့ကိုခေါ်ကာ ရုပ်ရှင်သွားကြည့်ရန် ရုပ်ရှင်လက်မှတ်ပင် ဝယ်လာလိုက်သေးသည်။
သူအိမ်ပြန်ရောက်တော့ တံခါးခေါက်သည်။ သို့သော်တံခါးလာဖွင့်မပေးပေ။ ထို့ကြောင့် မနေ့ကအတိုင်း ပန်းအိုးထဲဖွက်ထားသော သော့ကို ယူပြီး ဖွင့်လိုက်သည်။ သူတံခါးဖွင့်လိုက်သောအခါ ရင်ထဲတွင် ဟာတာတာကြီးခံစားရသည်။ သူ မြူ့ကို လှမ်းခေါ်လိုက်သည်။  ပြန်ထူးသံမကြားရ။ သူစိုးရိမ်သွားသည်။ ဧည့်ခန်းထဲသို့ ရောက်သွားသောအခါတွင် သိုးမွေးဆွယ်တာ တစ်ခုနှင့် စာတစ်စောင်ကို သာမြင်ရသည်။ သူရင်တွေထိတ်သွားသည်။
ထိုစာသည် သူမြူ့ထံမှာ နောက်ဆုံးရခဲ့သည့်စာဖြစ်သည်။ မြူပေးခဲ့သော ဆွယ်တာအကျင်္ီကို သူအမြဲ အမြတ်တနိုးသိမ်းထားခဲ့သည်။
မြူသည် သူနှင့်နေစဉ်ကာလအတွင်း သူမကိုယ်သူမ အပြစ်ရှိသလို အမြဲခံစားနေရသူဖြစ်သည်။ သူမကြောင့် ထိုကဲ့သို့ ရုန်းကန်နေရသည်ဟု အမြဲယုံကြည်နေသူဖြစ်ရာ သူမထားခဲ့သော စာက သက်သေခံနေသည်။ သူသည် ထိုစာတွင်  ရေးထားသည့် စာကြောင်းများကို အတိအကျမှတ်မိနေသေးသည်။ ခနခန မဖတ်ဖြစ်သော်လည်း ထိုစာလေးကို သူသိမ်းထားခဲ့သည်။ သူနေရာအနှံ့လိုက်ရှာသော်လည်း မြူနှင့်ပတ်သတ်၍ ဘာသတင်းမှ မကြားခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ နှစ်လလောက် အလုပ်ထွက်ပြီး ရှိစုမဲ့ ပိုက်ဆံလေးဖြင့် မြူ့ကို သူလိုက်ရှာသည်။ မြူ၏ တစ်ဦးတည်း ဆွေမျိုးဖြစ်သော သူမအဒေါ်ဆီသို့လည်း သွားရှာသည်။ သူမအဒေါ်သည်ပင် မြူနှင့်အဆက်အသွယ်မရသည်မှာ အတော်ကြာနေပြီဖြစ်သည်။ မြူထွက်သွားကြောင်းသိသောအခါ “မင်းကို ဒုက္ခ မများစေချင်လို့နေမှာပေ့ါ” ဟုသာ ပြောသည်။
သူစိတ်ဓာတ်တွေ အတော်ကျခဲ့သည်။ မထင်မှတ်ဘဲ ထွက်သွားသည့် သူ့ချစ်ဇနီးကို သူကိုယ်တိုင်ပင် နားမလည်အောင်ဖြစ်ရသည်။ အကြောင်းပြချက် ကြီးကြီးမားမား မရှိဘဲ သူ့ကိုထားရက်ခဲ့သည့်အတွက် မုန်းမိအောင်လည်း ကြိုးစားမိသေးသည်။ ထိုကဲ့သို့ သူစိတ်ဓာတ်အကြီးအကျယ်ကျနေသည့် အချိန်တွင်ပင် သူ့ထံသို့ နောက်ထပ်သတင်းဆိုးတစ်ခုရောက်လာသည်။ သူ့ဖခင်သည် အတော်လေး မကျန်းမမာဖြစ်နေပြီး နောက်ဆုံးအချိန်သို့ရောက်နေပြီဆိုသည့် သတင်းဖြစ်သည်။ သူ့တွင် ရွေးချယ်စရာမရှိတော့။
ကျနေသည့် စိတ်ဓာတ်များ ပြန်ဆွဲတင်ပြီး နောက်ဆုံးခရီးနှင်နေသော သူ့ဖခင်ထံပြန်ရသည်။ သူ့မိခင်သည်လည်း အတော်ပင်ပိန်ကျသွားသည်။ သူ့ကိုမြင်သောအခါ ဖက်ပြီးငိုရှာသည်။ သူ့မိခင်တွင် သူကလွဲပြီး အားကိုးစရာ မရှိတော့။ ဖခင်ဆုံးသောအခါ သူ့ဖခင်လုပ်ငန်းအား သူကြီးစိုးရသည်။ အလုပ်ထဲတွင်ပင် စိတ်နှစ်ထားပြီး မြူ့ကိုမေ့ပစ်အောင်ကြိုးစားရသည်။ သို့သော်လည်း ဆယ့်လေးနှစ်လုံးလုံး မြူနှင့်ပတ်သတ်၍ သူအိပ်မက်ဆိုးတွေမက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
သူသက်ပြင်း အရှည်ကြီး ချလိုက်သည်။ မြူနှင့်နေခဲ့သော အိမ်သို့ ဆယ်လေးနှစ်လုံးလုံး တစ်ခါမှ ပြန်မလာပေ။ ပြန်လာရဲသည့် သတ္တိလဲ မရှိ။ သို့သော် မနေ့က အကြောင်းကြားစာကြောင့် ဤအခန်းကို ဖြိုချတော့မည်ဖြစ်ရာ မဖြိုချခင် နောက်ဆုံးအနေဖြင့် သူလာကြည့်မိသည်။ အိုမင်းဟောင်းနွမ်းနေပြီဖြစ်သဖြင့် မကြာမီပင် အဆောက်အအုံသစ်ဆောက်လုပ်တော့မည်ဖြစ်ရာ သူနှင့်မြူနေထိုင်ခဲ့ရာ နေရာလေးသည်လည်း ပျောက်ဆုံးသွားတော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် အဆောက်အအုံ မဖြိုခင် နောက်ဆုံးအနေဖြင့် သူလာကြည့်ခြင်းဖြစ်သည်။ သူ့ဘဝ၏ အပျော်ဆုံးနေ့ရက်များကို မြူနှင့်အတူဖြတ်သန်းခဲ့သော နေရာလေးသည် မကြာမီပျောက်ကွယ်တော့မည်ဖြစ်သည်။
အိပ်ခန်းထဲမှ ဖြည်းဖြည်းချင်းပြန်ထွက်ခဲ့ပြီး အိမ်ရှေ့တံခါးပေါက်သို့မသွားမီခဏတွင် ဧည့်ခန်းထဲသို့ စောင်းငဲ့ကြည့်လိုက်သေးသည်။ ထို့နောက် ဧည့်ခန်းတံခါးမကြီးဆီလျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် တံခါး အပြင်ဘက်၌ မျက်လုံးအညိုရောင်၊ ဆံနွယ်အနက်ရောင်၊ အသားဖြူဖြူ မိန်းမတစ်ယောက်သည် မတ်တတ်ရပ်နေသောကြောင့်ဖြစ်သည်။ သူမယုံကြည်နိုင်စွာဖြင့်ပင် ငေးမောကြည့်ရင်း သူအမြတ်တနိုး ခေါ်ခဲ့သော အမည်တစ်ခုအား ရေရွတ်လိုက်သည်။

“မြူ”
                                    

Comments

Popular posts from this blog

Evermore Album Review

ကျွန်မ မချစ်တတ်ခဲ့သော ယောက်ျား

ထွေးငယ်