ထိုတစ်ည

 

            လမိုက်ညသည် အလွန်တိတ်ဆိတ်လျက် မည်သည့်အသံမှ မကြားရသော်လည်း တစ်ခါတစ်ရံတွင် ခွေးအူသံများကို ခြောက်ခြားဖွယ် ကြားရသည်။ ပတ်ဝန်းကျင်သည်လည်း မှောင်မည်းတိတ်ဆိတ်လျက် မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။ ဖွင့်ထားသော အိပ်ခန်းပြတင်းပေါက်မှ လေတစ်ချက်အဝှေ့တွင် ယိမ်းထိုးသွားသော သရက်ပင်သစ်ကိုင်းများကိုသာ တစေ ္ဆတစ်ကောင် ကခုန်နေသလို မြင်ရသည်။
            သူသည် လူးလိုက်လိမ့်လိုက်ဖြင့်ပင် အိပ်ရာထက်၌ သဝေထိုးနေခဲ့သည်။ အိပ်၍လည်းမပျော်ပေ။ ကြိိုးစားပြီး အိပ်ပါသော်လည်း ပြူးကြောင်နေသည့် မျက်လုံးနှစ်လုံးက ပိတ်မသွားကြဘဲ ပိုပိုပြူးကျယ်လာပြီး မှိတ််၍ပင်မရတော့ပေ။ အိပ်မပျော်သည့်အတွက် စိတ်ကအလိုလိုတိုလာသည်။ လူအများကတော့ သူ့ကို အမြဲစိတ်မရှည်တတ်သောလူ၊ စိတ်တိုတတ်သောလူဟု သတ်မှတ်ကြသော်လည်း သူကတော့ သူ့ကိုယ်သူ ထိုကဲ့သို့ မမြင်ပေ။
            သူသည် လူးရင်းလိမ့်ရင်းဖြင့်ပင် သူ့ဘေးတွင်အိပ်နေသော သူ့မိန်းမကို သဲကွဲစွာ မမြင်ရသော အလင်းရောင်များအောက်မှ ကြည့်မိသည်။ သူ့ဇနီးသည် အပူအပင် အကြောင့်အကြမရှိသကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ မည်သည့် အိပ်မက်ကို မက်နေသည်တော့မသိ။ သူမနှုတ်ခမ်းများက ပြုံးယောင်ပင်သန်းနေသည်။ သေချာသည်ကတော့ ထိုအိပ်မက်ထဲ၌ သူပါမည်မဟုတ်ပေ။
            နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူ့ဇနီးကိုကြည့်ပြီး သူမနာလိုဖြစ်လာသည်။ မည်သည့်အပူအပင်မှ မရှိဘဲ ထိုကဲ့သို့ အိပ်ပျော်နိုင်သော သူမကို အားကျမိသည်။ နှစ်လေးဆယ်လုံး ဖိအားတွေကြားထဲ၌ ရုန်းကန်ခဲ့ပြီး မိသားစုအတွက် ကြိုးစားခဲ့သမျှကို သူ့မိန်းမ သိမှသိပါလေစဟု သံသယဝင်မိသည်။ အချိန်တွေကြာညောင်းလာသောအခါ မည်သည့်အတွက်ကြောင့် သူ့ဘေးတွင် အိပ်ပျော်နေသော မိန်းမအား မြောက်မြားလှစွာသော မိန်းမများကြားထဲမှ လက်ထပ်ခဲ့သည်ကို သူမေ့သွားသလိုဖြစ်မိသည်။







            အချိန်ကာလတစ်ခုအထိတော့ သူတို့နှစ်ဦးကြား၌ အချစ်ဟု ခေါ်သည့် အရာတစ်ခု ရှိခဲ့ကောင်းရှိခဲ့ပေမည်။ သို့သော် ယခုအချိန်တွင် ထိုခံစားချက်တို့သည် မေ့ပျောက်လုနီးနီးပင်။ အိမ်ထောင်ဦးဘဝက အမှတ်တရ ပြုလုပ်ခဲ့သော အထိမ်းအမှတ်များသည်လည်း အချိန်၏ တိုက်စားခြင်းခံခဲ့ရသည်။သူတို့နှစ်ဦးကြား၌ မည်သည့်အထိမ်းအမှတ်ပွဲမှ မရှိတော့သည်မှာ မည်မျှကြာခဲ့သည်မသိ။
            သူ၏ ပြီးဆုံးခဲ့ပြီဖြစ်သော နှစ်လေးဆယ်သည် သူ့မိသားစု၊ သူ့အလုပ်နှင့် သူ့ပတ်ဝန်းကျင်အတွက် ပေးဆပ်ခဲ့ရင်း အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့သည်။ သူရခဲ့သည်က အိုမင်းရင့်ရော်မှုနှင့် ဖိအားများဖြစ်သည်။ အဆစ်အနေနှင့်ရခဲ့သည်က နှလုံးရောဂါပင်ဖြစ်သည်။ သူကြိုးစားပြီး သူ့မိသားစုစားဝတ်နေရေးအတွက် လိုလေးသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့သည်။
            သူအင်မတန်ချစ်၊ အင်မတန်အားထားသော သမီးကြီးသည် နိုင်ငံခြားတွင်ကျောင်းသွားတက်ပြီး နိုင်ငံရေးပါဝင် လှုပ်ရှားခဲ့မှုကြောင့် မိခင်နိုင်ငံသို့ ပြန်လာခွင့် မရှိတော့သဖြင့် တစ်ချိန်က သူအင်မတန် အားထားမျှော်လင့်ခဲ့သော သမီးကြီးနှင့် ဒီတစ်သက်ဝေးခဲ့ရသည်။ သမီးကြီးအပေါ်တွင် သူထားခဲ့သော မျှော်လင့်ချက်များသည် လေထဲတိုက်ဆောက်သလို ရုတ်ခြည်းပျေက်ကွယ်သွားသည်။ သမီးကြီးက တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့နေရာဖြစ်သော မိသားစုအကြီးအကဲနေရာအား သူမရှိတော့သည့်နောက်ပိုင်းတွင် ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ပြည်တော်ပြန်လာခွင့်ပင် ပိတ်ပင်ခံရသော သမီးဖြစ်သူက မည်သည့်နည်းနှင့်မှ သူ့နေရာဝင်ယူနိုင်မည်မဟုတ်ပေ။ နိုင်ငံခြားသို့ သမီးကြီးအား ပညာတော်သင် စေလွှတ်ခဲ့ခြင်းသည် သူ့တွင်ငွေပိုငွေလျှံများ ပေါများနေ၍မဟုတ်။ လူပုံအလယ်၌ “င့ါသမီးကွ။”ဟု လက်မထောင်ချင်၍ ဖြစ်သည်။
            သမီးကြီးအပေါ် မျှော်လင့်ချက်ကင်းမဲ့သွားသောအခါ သူ့မျှော်လင့်ချက်များသည် သားအပေါ်သို့ ရောက်လာသည်။ သို့သော်လည်းသားဖြစ်သူသည် သမီးကြီးနှင့်ခြားနားစွာ ထိန်းသိမ်းရ အလွန်ခက်သည်။ အသက် ၁၈နှစ်တွင်ပင်မိန်းမခိုးလာ၍ ယနေ့အချိန်အထိ အိမ်ပေါ်ခေါ်တင်ထားရသည်။ မိန်းမရပြီးသည့်နောက် ယခင်ကလို မဆိုးသွမ်းတော့သော်လည်း သူမျှော်လင့်ထားသကဲ့သို့ မိသားစု အကြီးအကဲနေရာအား ရယူနိုင်သည့် အရည်အချင်း မရှိကြောင်း သူကိုယ်တိုင် ရင်နာနာနှင့် ဝန်ခံခဲ့ရသည်။
            သူ၏ မိန်းမဘက်က ဆွေမျိုးများသည် သူ့သားမိန်းမ ခိုးပြေးလာသောအခါ အဖေတူသားဟု ဝိုင်းပြောကြသည်။ အဘယ့်ကြောင့် ဆိုသော် သူသည်လည်း လွန်ခဲ့သည့် အနှစ်လေးဆယ်ခန့်က သူ့အိပ်ရာဘေးတွင် အိပ်နေသော အမျိုးသမီးတစ်ဦးအား ကြိုတင်ကြံရွယ်ထားခြင်းမရှိဘဲ ခိုးပြေးသလိုဖြစ််ခဲ့သောကြောင့်ဖြစ်သည်။
            လွန်ခဲ့သည့် အနှစ်လေးဆယ်က ကိစ္စသည် သူ့ခေါင်းထဲ၌ ရုပ်ရှင်ပိတ်ကားတစ်ကားကို ကြည့်နေရသလို ပေါ်လာသည်။ ထိုစဉ်က သူ့အသက် ၂ဝဖြစ်သည်။ ကျောင်းပိတ်ထားသည့်ကာလ၌ မွေးရပ်သို့ အလည်ပြန်ရင်း ခင်ခင်ထားဆိုသော အမျိုးသမီးအား ဘုရားပွဲတစ်ခု၌ အမှတ်မထင်ဆုံမိရာမှ နောက်ဆက်တွဲအဖြစ် အချစ်ဟု အမည်လှလှ သတ်မှတ်ထားခြင်းခံရသော အရာသည် သူ့ရင်ထဲသို့ ဝင်လာသည်။ ခင်ခင်ထားသည် သူ၏ ဘေးတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဇနီးပင်ဖြစ်သည်။ သူက ခင်ထားအား ဘုရားပွဲမှ အပြန်တွင် တမင်တကာကြီး အပေါင်းအသင်းများ၏ အကူအညီဖြင့် ရင်းနှီးအောင်ကြိုးစားသည်။ သိပ်လည်း ခက်ခက်ခဲခဲ မကြိုးစားရ။ ထိုခေတ်အခါက တက္ကသိုလ်ကျောင်းသားများသည် ရုပ်ရှင်မင်းသားတစ်ဦးကဲ့သို့ သတ်မှတ်ခြင်းခံရသော ခေတ်အခါဖြစ်သည်။ ခင်ထားကလည်း တက္ကသိုလ်ကျောင်းသားဖြစ်သော သူ့ကို လိုသည်ထက်ပို၍ အရေးပေးသည်။
            ဤသို့ဖြင့် ဆယ်ရက်ခန့်အကြာတွင် ခင်ထားအား သူ၏ရင်တွင်းခံစားချက်တို့အား ဖွင့်အန်ခဲ့သည်။ ခင်ထားသည် ထိုအချိန်က သူမ၏ ခေါင်းအား မြေကြီးအတွင်းသို့ ဝင်တော့မည့်မတတ် ငုံ့ထားပြီး အရှက်ကြီးရှက်နေသည်။ ထိုကဲ့သို့ ခင်ထားတစ်ယောက် အရှက်ကြီးပုံကိုပင် သူသဘောကျရခြင်းဖြစ်သည်။ သူတို့အိမ်ထောင်ကျသွားပြီးနောက် သူ့မိန်းမသည် ယခင်က အရှက်ကြီးပြီး အသံကျယ်ကျယ်ပင် စကားမပြောသလောက် သူနှင့်ရန်ဖြစ်သည့်အခါ၊ ကတောက်ကဆ ဖြစ်သည့်အခါ၊ ကလေးတွေ စကားနားမထောင်သည့်အခါတွင် တစ်ရပ်ကွက်လုံးကြားအောင် မိုက်ခရိုဖုန်းမလိုဘဲ အော်ငေါက်နိုင်သူဖြစ်သဖြင့် သူသည်ပင် မျက်လုံးပြူးခဲ့ရသည်။
            လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်က အကြောင်းအရာများသည် သူ့မျက်လုံးထဲ၌ စုပြုံရောက်ရှိလာကြသည်။ သူ့အိပ်ရာဘေး၌ အိပ်ပျော်နေသော ခင်ထားအား မည်ကဲ့သို့ ခိုးယူမိခဲ့သည်ကို သူမှတ်မိလာသည်။ ဖြစ်ပုံက သူရန်ကုန်ပြန်ရမည့် အချိန်တွင် စခဲ့သည်။ ခင်ထားကို ချစ်ရေးဆိုပြီးသော်လည်း ခင်ထားက အဖြေပြန်မပေးသေးသဖြင့် ကျောင်းပြန်တက်ရန် ပြန်ရတော့မည့်သူသည် မခံစားနိုင်သည့်အဆုံး၌ ခင်ထားအား သူမ၏ မိန်းမဖော်များမှ တဆင့် စာတစ်စောင်ထည့်ပေးရင်း ညကိုးနာရီ၌ သူမ၏ အိမ်နောက်ဖေးရှိ ဗူးခြံထဲတွင် စောင့်နေပါမည့်အကြောင်း ရေးသားလိုက်လေသည်။ နောက်တစ်ရက်တွင် ရန်ကုန်သို့ ကျောင်းသွားတက်ရတော့မည်ဖြစ်၍ အငြိမ်မနေနိုင်တော့ပေ။
            ညကိုးနာရီထိုးသောအခါ သူသည် ခင်ထားတို့၏ ဗူးခြံထဲမှ စောင့်နေလိုက်သည်။ စောင့်နေရသောကာလသည် သူ့အတွက် ငရဲကျနေသလိုပင်။ သူဖူးမြော်ချင်သော ခင်ထားမျက်နှာကို မြင်ရတော့မည်ဖြစ်၍လည်း သူအလိုလို ရင်တွေခုန်လာသည်။ ခင်ထားသာ ရောက်လာပါက သူမကိုယ်လုံးလေးအား ထွေးပွေ့ထားမည်ဟု စိတ်ကူးက ယဉ်မိသေးသည်။ ခင်ထား၏ နက်မှောင်လှသော ဆံပင်များကို တယုတယ ပွတ်သတ်ပြီး သူမပါးပြင်မှ သနပ်ခါးန့ံအား ရှုရှိုက်ဦးမည်ဟု တွေးရင် ကြိတ်ပျော်နေခဲ့သည်။

“သြော်…………ငါမင်းကို တကယ် ကြွေခဲ့သေးတာပေ့ါ။” သူသည် ဘေးတွင်အိပ်နေသော သူ့မိန်းမဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ သူ့မိန်းမသည် တစ်ချက်လူးလွန့်သွားပြီး ပြန်ငြိမ်ကျသွားသည်။ သူပြောသည်ကို ကြားသည်ပင်မထင်။ သူပါဝင်ခြင်းမရှိသော သူမအိပ်မက်အား ပျော်ပျော်ကြီး မက်လျှက်ရှိသည်ဟု သူခံစားရသည်။
            ထိုညက ကိုးနာရီခွဲမှာ ခင်ထား ပေါ်လာသည်။ ဗူးခြံထဲ၌ ခြင်အကိုက်ခံပြီး စောင့်နေရသော သူသည် စိတ်မရှည်တော့သော်လည်း ခင်ထားပေါ်လာသော ခဏ၌ စောစောက ပင်ပန်းခဲ့ရသမျှ ပျောက်ဆုံးသွားသည်။ သို့သော် သူ ခင်ထားကို သူစိတ်ကူးယဉ်ထားသကဲ့သို့ ဘာမှ မပြုမူလိုက်ရ။ ခင်ထားက အလောတကြီးဖြင့် ရောက်လာပြီး
“ပြောစရာရှိတာသာ မြန်မြန်ပြောပါ။ အဖေကြီးက မအိပ်သေးဘူး။ သူအိပ်အောင်စောင့်နေရင် အစ်ကို ဒီမှာတစ်ယောက်တည်း အကြာကြီးစောင့်နေရမှာ စိုးလို့ ထွက်လာတာ။”ဟု စိုးရိမ်စိတ်ဖြင့်ပြောသည်။ သူသည် ခင်ထားက ထိုကဲ့သို့ ဂရုတစိုက်ပြောသောအခါ ရင်တွေခုန်ပြီး ပျော်ခဲ့သည်။ ခင်ထား၏ လက်လေးအား တယုတယ ကိုင်တွယ်ပြီး သူမ၏ မျက်ဝန်းနက်များအား ငေးကြည့်နေမိသည်။ ထိုညက လသည် လပြည့်ခါနီးသဖြင့် လ၏ အလင်းရောင်သည် သူမမျက်လုံးအိမ်ထဲ၌ တောက်ပနေသည်။
            သူဘာမှ မပြောနိုင်သေးပေ။ ပြောရမည့်စကားများကိုလည်း ရှာမတွေ့သေးပေ။ ခင်ထား၏ မျက်ဝန်းများကိုသာ စိုက်ကြည့်နေမိသည်။ ခင်ထားက ကြာတေ့ာ ရှက်ပြုံးလေးပြုံးပြီး ခေါင်းငုံ့သွားသည်။ ထိုကဲ့သို့ ရှက်စနိုးဖြင့် ခေါင်းငုံ့သွားသည်ကပင် သူ့အတွက် သဘောကျစရာ၊ ချစ်စရာပင်ဖြစ်သည်။ သို့သော် ထူးဆန်းသည်က ခင်ထားသည် သူနှင့် အိမ်ထောင်ကျပြီး လင်မယားနှစ်ယောက်ရန်ဖြစ်သည့်အခါ သူက စူးစူးစိုက်ကြည့်လိုက်လျှင် ယခုကဲ့သို့ ခေါင်းငုံ့မသွားဘဲ ပိုမိုပြူးကျယ်သော မျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်ကာ ထိုအကြည့်ထဲ၌ သူ့ကို အစိမ်းလိုက်ဝါးစားတော့မည့် အသွင်များမြင်တွေ့ရသဖြင့် အကြည့်ချင်းလွှဲပစ်တတ်သူမှာ သူပင်ဖြစ်သည်။
           
           
သူသည် အတန်ကြာပင် ပြောရမည့်စကားမေ့ကာ ခင်ထားအား ငေးကြည့်လျက်ရှိသည်။ ခင်ထားကလည်း မိန်းကလေးပီပီ အရှက်အကြောက်ကြီးစွာဖြင့် ခေါင်းကလေး ငုံံထားရှာသည်။ သူသည် ခင်ထား၏ လက်အား တယုတယ ကိုင်တွယ်ထားဆဲပင်ဖြစ်သည်။ ခင်ထားသည် သူကိုင်တွယ်ထားသော သူမလက်အား ရုန်းယူခြင်းမရှိပေ။ ခင်ထား၏ လက်ဖဝါးများသည် အင်မတန်နူးညံ့လှသည် မဟုတ်သော်လည်း သူ့အတွက်တော့ နူးညံ့ခဲ့ပေသည်။
ထိုကဲ့သို့ ပါးစပ်က စကားမပြောမဆိုကြဘဲ ချစ်ရည်ရွွှန်းလဲ့နေသော မျက်ဝန်းများဖြင့်သာ အပြန်အလှန် စကားပြော ခဲ့ကြပေသည်။ ခင်ထား၏ မျက်ဝန်းထဲ၌ သူလိုချင်သော အဖြေတစ်ခုရရှိခဲ့ပေသည်။ သို့သော် လူသားပေမို့ အတ္တကြီးသည်လားမသိ။ သူမနှုတ်မှ ဖွင့်ပြောသော  ချစ်စကားအား ဆက်လက်ကြားချင်သေးသည်။
ထို့ကြောင့်ပင်
“ခင်ထား…………အစ်ကို့ကို ချစ်တယ်မဟုတ်လား။” ဟု တိုးတိုးသာသာလေး မေးလိုက်မိသည်။ ထိုအခါ ငုံ့ထားသော ခင်ထား၏ မျက်နှာမှာ မော့လာပြီး
“ခင်ထား မသိဘူး။”ဟုပြန်ဖြေသည်။ မိန်းမများသည် အင်မတန်မာယာများသည့် လူများသာ ဖြစ်သည်။ ထို့အပြင် သူတပါးကြားချင်သော စကားများကို ပြောဆိုရန်တွန့်တိုတတ်ကြပြီး မကြားချင်သော စကားများကိုမူ အလျှင်မပြတ်ပြောဆိုနိုင်ကြသည်ဟု သူ၏ ကျောင်းနေဖက်သူငယ်ချင်း ပြောခဲ့ဖူးသည့် စကားသည် သူ့နားထဲပြန်လည်ကြားယောင်လာခဲ့သည်။ ယခုအချိန်တွင် သူသည် မိန်းမများ မာယာများပုံအား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
“မသိလို့ မရဘူးလေ ခင်ထားရယ်။ သိမှ ရမှာပေ့ါ။ ခင်ထားအနေနဲ့ ကိုယ့်ကို ချစ်တယ်လို့ ပြောဖို့ ဘာလို့ တွန့်တိုနေရတာလည်း ခင်ထားရယ်။ ခင်ထားရဲ့ မျက်ဝန်းတွေထဲမှာ အချစ်ဆိုတာကို ကိုယ်မြင်တွေ့နေရပေမယ့် ခင်ထားနှုတ်က ပြောတာလေးကိုတော့ ကိုယ်ကြားချင်ပါသေးတယ်ကွယ်။ မနက်ဖြန်ဆိုရင် ကိုယ်ရန်ကုန်ပြန်ရတော့မယ် ခင်ထားရဲ့။”ဟု နွဲ့နွဲ့တွဲ့တွဲ့ မြော့တော့တော့ အသံဖြင့် ပြောလိုက်လေသည်။
            ထိုကဲ့သို့ ပြောသောအခါ ခင်ထား၏ မျက်ဝန်းများတွင် မျက်ရည်ဥများတွဲခိုလာသည်။ သူသည်ပင် မျက်ရည်များဝဲလာခဲ့သည်။ ဘာကြောင့်ရယ်တော့မသိ။ ပြည့်ခါနီးသော လ၏ အလင်းရောင်အောက်တွင် ချစ်သူနှစ်ဦး တစ်ဦးလက်ကို တစ်ဦး ညင်သာစွာ ဆုပ်ကိုင်ပြီး မသေချာ မရောရာသော အနာဂတ်အတွက် ဝမ်းနည်းနေကြလေသည်။
            ယခုပြန်စဉ်းစားကြည့်သောအခါ ထိုနေ့ကသာ စောစောပြန်ခဲ့လျှင် သူ၏ ဘဝသည် ယခုကဲ့သို့ ဖြစ်လာချင်မှ ဖြစ်လာနိုင်ပေမည်။ သူသည် ဘေးတွင် အိပ်နေသော သူ့ဇနီးကို ကြည့်လိုက်သည်။ သူ့ဇနီးသည် ယခင်ကပုံမျိုးမဟုတ်တော့ သလို သူသည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ အိုမင်းရင့်ရော်ခြင်းများဖြင့် ဖုံးလွှမ်းလျှက်ရှိသော ဇရာထောင်းနေသည့် လူအိုတစ်ဦးသာ ဖြစ်တော့သည်။
            သူသည် ဘေးတွင် အိပ်နေသော ဇနီးသည်ကို ကြည့်နေရာမှ ပြတင်းပေါက်ဘက်ပြန်လှည့်ပြီး စောစောက တွေးနေသည့် အတိတ်အကြောင်းများကို ပြန်လည် တူးဆွလိုက်သည်။
            သူနှင့်ခင်ထားတို့သည် ထိုကဲ့သို့ အလွမ်းသယ်လျှက်ရှိနေစဉ်မှာပင် ခင်ထား၏ အဖေသည် ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာပြီး ဗူးခြံထဲ၌ တစ်ယောက်လက် တစ်ယောက်ကိုင်ထားသော သူတို့နှစ်ယောက်ကိုတွေ့သောအခါ မျက်လုံးကြီးပြူးပြီး
“ဟေ့…………ဒါက ဘာလုပ်နေကြတာတုန်း” ဟု အော်ပြီး ခင်ထားကို ဆွဲခေါ်သွားကာ
“ဟိုအကောင် အိမ်ပေါ်တက်ခဲ့”ဟု အော်ပြောသွားသဖြင့် သူသည်လည်း ကြောက်အားလန့်အားဖြင့် ခင်ထားအိမ်ပေါ်သို့ ယောင်လည်လည်ဖြင့် တက်သွားသည်။ အိမ်ထဲ၌ ခင်ထားနှင့်အတူ သူမ၏ မောင်နှမ သားချင်းများပါ ထိုင်နေကြသည်။ ခင်ထား၏ ဖခင်မှာမူ မျက်မှောင်ကြီးကြုတ်လျှက် သူ့ကို ကြည့်နေပေသည်။ သူသည် မကြာမီတော်ရတော့မည့် ယောက္ခမအား မျက်လုံးချင်းဆိုင် မကြည့်ရဲသဖြင့် ခင်ထား၏ အမေဘက်သို့ လှမ်းကြည့်လိုက်သည်။ ခင်ထားအမေသည် ခင်ထားအဖေကဲ့သို့ ခက်ထန်မာကြောသော မျက်နှာဖြင့်သူ့ကို မကြည့်ဘဲ အင်မတန်အေးဆေး တည်ငြိမ်သောမျက်နှာဖြင့် ကြည့်နေသဖြင့် သူ အသက်ရှူချောင်သွားသည်။
            ကျန်ရှိနေသော ခင်ထား၏ မောင်နှမသားချင်းများမှာ သူ့ကို ရန်သူဟူ၍လည်း မဆက်ဆံ မိတ်ဆွေကဲ့သို့လည်း မပြုမူဘဲ ပုံမှန်အတိုင်းသာ နေကြသည်။
“မင်းတို့ ခုနက ဘာလုပ်နေကြတာလဲ။”ဟု သြဇာပါသော အသံဖြင့် ခင်ထားအဖေက မေးလိုက်သည်။ သူသည် မှန်စွာပင် မနက်ဖြန်ရန်ကုန်ပြန်ရမည်ဖြစ်သဖြင့် ခင်ထားအား လာနှုတ်ဆက်သည်ဟု ပြောလိုက်သည်။
“အင်း…………. မင်းအနေနဲ့ ငါ့သမီး ခင်ထားကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမှာလား။”
            ဤတစ်ခေါက်လေသံသည် ပထမတစ်ခေါက်ကလောက် မပြင်းထန်တော့ပေ။ အနည်းငယ် ပျော့ပျောင်းလာသည်။ သူသည် ထိုအဖြေကို မပေးမီပင် ခင်ထားအား လှမ်းကြည့်လိုက်သည်။ ခင်ထားသည် သူ့ကို အားကိုးသော အကြည့်များဖြင့် ပြန်လည်ကြည့်ရှာသည်။ ထို့ကြောင့်ပင် သူသည် ခင်ထားအား တစ်သက်လုံး သစ္စာရှိရှိဖြင့် ပေါင်းပါ့မည်ဟု ကတိပေးခဲ့သည်။ ထိုကတိကို သူ့တစ်သက်တွင် မချိုးဖောက်ဘဲ နေထိုင်လာခဲ့သည်။
            ခင်ထား၏ ဖခင်သည ်သူနှင့် သဘောမတူဟု မငြင်းပေ။ အဘယ့်ကြောင့်ဆိုသော် ပညာတတ်ဘွဲ့ရတော့မည့် လူတစ်ယောက်နှင့် သမီးဖြစ်သူအား သဘောမတူစရာ အကြောင်းမရှိပေ။ သို့သော် ညကြီး ချိန်းတွေ့သဖြင့် ကျေနပ်သည့် ပုံတော့မပြ။ မည်သို့ပင်ဖြစ်စေ သူသည် နောက်တစ်နေ့ရန်ကုန် ပြန်မည့်အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ပြီး တစ်ပတ်ကြာမှ ပြန်ဖြစ်တော့သည်။ သို့သော် ထိုတစ်ခေါက်ရန်ကုန်ပြန်သည့် ခရီးသည် သူတစ်ယောက်တည်းမဟုတ်တော့။ ဤဘဝ၌ ပါရမီဖြည့်မည့် ခင်ထားဆိုသည့် မိန်းကလေးတစ်ဦး ပါလာခဲ့သည်။ ခင်ထားနှင့်သူသည် သူ၏ ဇာတိမြေ၌ မင်္ဂလာဆောင်ခဲ့သည်။
            သူ၏ သားလတ် မိန်းမခိုးလာသောအခါ ခင်ထား၏ ဆွေမျိုးများက အဖေတူသားဟု ပြောကြသည်။ သို့သော် သူသည် ခင်ထားအား ခိုးပြေးသည်မဟုတ်။ ချိန်းတွေ့ရာမှ လူမိသွားပြီး မင်္ဂလာဆောင်လိုက်ရခြင်းဖြစ်သည်။ စောစီးစွာ မင်္ဂလာဆောင်ခဲ့ရသဖြင့် ကျောင်းနေစဉ်ကာလက အချိန်အတန်ကြာ စိတ်ကူးယဉ်ထားသော အရာများသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကြသည်။ ကျွေးမွေးရမည့် ဇနီးရှိနေသဖြင့် ကျောင်းပြီးပြီးချင်းပင် အလုပ်ရှာရသည်။ ရန်ကုန်၌ ဆွေမျိုးများ၏ အကူအညီဖြင့် ဆက်လက်ရပ်တည်နေ၍မရ။
            ကျောင်းသားဘဝက သူစိတ်ကူးယဉ်ထားသည့် အရာများသည် အလွန်များသည်။ ကျောင်းပြီးလျှင် မြောက်ဦးဘက်သို့ ရှေးဟောင်းသုတေသနအဖွဲ့နှင့်လိုက်ပါပြီး သုတေသန လုပ်ငန်းများ နှစ်နှစ်လောက် ပါဝင်လုပ်ကိုင်မည်ဟု စိတ်ကူးထားခဲ့သည်။ ထို့အပြင် နိုင်ငံရပ်ခြားများသို့ ခရီးထွက်ြ့ပီး ခရီးသွားဆောင်းပါးများလည်း ရေးဦးမည်ဟု စိတ်ကူးယဉ်ခဲ့သည်။ သူလေးစားအားကျခဲ့ရသော ရုရှားစာရေးဆရာ ချက်ကော့နှင့် အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်တို့လို ဂန္ဓဝင်တွင်မည့် ဝတ္ထုများ ရေးဦးမည် ဟု အားခဲထားခဲ့ဖူးသည်။
            သို့သော် ထိုအရာများသည် လေထဲ၌ တိုက်ဆောက်သကဲ့သို့ တစ်ခုမှ အကောင်အထည်မပေါ်လာပေ။ မိသားစုအတွက် စားဝတ်နေရေး ကြိုးပမ်းနေရသဖြင့် သူတစ်ဦးတည်း၏ ရည်မှန်းချက်များမှာ ပျောက်ကွယ်ကုန်ရသည်။ ထို့အပြင်တိုးပွားလာသော မိသားစုဝင်များ၏ တာဝန်ကိုလည်း မညည်းမညူထမ်းဆောင်ရသေးသည်။
            သူ၏ သမီးငယ်သည် သမီးကြီးကဲ့သို့ပင် အတော်လေးထက်သည်။ နိုင်ငံခြားသို့ ကျောင်းသွားတက်ချင်သော်လည်း သူက မလွှတ်ရဲ။ သမီးကြီးကဲ့သို့ ဖြစ်မည်ကို လွန်စွာစိုးရိမ်သည်။ သမီးကြီးသည် ယခုအချိန်တွင် အိမ်ထောင်ရှင်မိန်းမသာမက သားသမီးနှစ်ဦးပင် ထွန်းကားနေပြီဖြစ်သော်လည်း အဝေးရောက်နေသော မြေးများအား ဓာတ်ပုံထဲ၌သာ မြင်တွေ့ခွင့်ရခဲ့သည်။ ကာလကြာရှည်စွာဝေးကွာသွားသဖြင့် တစ်ခါတစ်ရံ ဖုန်းထဲ၌ စကားပြောရသည်ပင် တစိမ်းဆန်လှသည်။ ထို့အပြင် တိုင်းတပါးတွင် မွေးဖွားသော မြေးများနှင့် ပြောဆိုဆက်ဆံရသည်ကလည်း အင်မတန်ခက်လှသည်။ တစ်ခါတရံ သူ့မြေးများကို မြန်မာစကားပင် တတ်လေစွ ဟု သံသယ ဝင်မိရသည်။
            သမီးငယ်မှာမူ အာသာပြင်းပြနေသော နိုင်ငံခြားတွင် ကျောင်းတက်ခွင့်သည် သူ၏ ဗီတိုအာဏာ သုံးပြီး ပယ်ချခံရသောကြောင့် သူ့ကို စကားကောင်းကောင်းမပြောပေ။ သမီးငယ်နှင့် ဆက်ဆံရေးသည် နွေးထွေးသော ဆက်ဆံရေးမျိုးမဟုတ်။ သို့သော် သမီးငယ်သည် သူက သဘောမတူသဖြင့် ဇွတ်မလုပ်ပေ။ မြန်မာပြည်၌သာ ပညာဆည်းပူးရှာသည်။ သူကလည်း မြန်မာပြည်၏ ပညာရေးစနစ်ကို အထင်ကြီး၍ သမီးငယ်ကို ပြည်တွင်း၌သာ ပညာသင်စေသည်မဟုတ်။ နိုင်ငံရပ်ခြားရောက်ပါက အမဖြစ်သူ ခြေလှမ်းအတိုင်းလိုက်ပြီး နိုင်ငံရေးပါဝင်လှုပ်ရှားပါက ပြည်တော်ပြန်ခွင့် ပိတ်မည်စိုးသောကြောင့်ဖြစ်သည်။ သမီးငယ်သင်ရသော တက္ကသိုလ်ပညာရေးစနစ်သည် သူသင်ခဲ့ရသော ပညာရေးစနစ်မျိုးမဟုတ်။ အလုံးစုံ ခြွတ်ခြုံကျနေသော ပညာရေးစနစ်ဖြစ်သည်။
            သမီးငယ်သည် သူငယ်စဉ်က မက်ခဲ့သော အိပ်မက်များကို အကောင်အထည် ဖော်နိုင်မည့်သူဟု သူမှန်းဆထားသည်။ အဘယ့်ကြောင့်ဆိုသော် သမီးငယ်သည် သူဝါသနာပါပြီး အကောင်အထည် မပေါ်ခဲ့သော စာရေးဆရာဘဝအား မှန်မှန်ကြီး လျှောက်လှမ်းလျှက်ရှိသောကြောင့်ဖြစ်သည်။ သမီးငယ်၏ ဆောင်းပါးများနှင့် စာများကို ဖတ်သည့်အခါ သူသည် ပီတိဖြာဝေနေသော ကလေးတစ်ဦးလို ခံစားရသည်။ သူ့မိတ်ဆွေ အပေါင်းအသင်းများကိုလည်း သမီးငယ်၏ အကြောင်းများအား ကြွားရသည်။ ဆောင်းပါးများကိုလည်း ပေးဖတ်သည်။ ယခုခေတ်တွင် စာရေးဆရာအလုပ်ကို မည်သူကမှ အထင်ကြီးမလေးစားသော်လည်း သူလေးစားသည်။ သူလေးစားသည့် အလုပ်ကို သူသမီးကိုယ်တိုင်က လုပ်နေသည့်အတွက် သူပိုဝမ်းသာသည်။ သမီးငယ်အား စုတ်ပြတ်နုံခြာနေသော ပညာရေးစနစ်၏ လက်အောက်တွင် ပညာသင်စေခဲ့မိသည်ကို တစ်ခါတရံနောင်တရမိပေသည်။ နောက်ပိုင်းတွင် သမီးငယ်ကို သွားခွင့်ပြုခဲ့သော်လည်း သမီးငယ်ကမူ မသွားတော့ပေ။
            တစ်ခါက သမီးငယ်၏ ဆောင်းပါးတစ်ခုတွင် သူမ မည်မျှ ပညာတော်သင်သွားချင်ခဲ့ကြောင်း တွေ့ရသည့်အခါ သူမျက်ရည်များပင် ကျခဲ့ရသည်။ ထို့အပြင် သူမတို့ငယ်စဉ်က အလုပ်များလွန်းသဖြင့် သားသမီးများကို ဂရုမစိုက်နိုင်သည့် သူ့အကြောင်းရေးထားသည်ကို တွေ့ရသောအခါ သူရင်နာရသည်။ သူသည် သူ့သမီး၏ စာဖတ်ပရိတ်သတ်တစ်ဦးဖြစ်နေသည်ကို သူ့သမီးငယ်မသိ။ ကမ္ဘာပေါ်တွင် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့သမီးရေးသည့် စာများကို ဖတ်ရန် စိတ်မဝင်စားသည့်တိုင်အောင် သူကမူ သူ့သမီး၏ အမာခံ စာဖတ်ပရိတ်သတ်တစ်ဦးအဖြစ် ရပ်တည်နေမည်မှာသေချာသည်။
            သေခြင်းတရားသည် လက်တစ်ကမ်းတွင်ရောက်ရှိနေသည်ကို သူသိသည်။ ဘဝတွင် အောင်မြင်ခြင်း ကျရှုံးခြင်းစသည့် အရာများကိုလည်း ခံစားဖူးသည်။ ချစ်သောသူများနှင့်ကွာဝေးခြင်း၊ တမ်းတခြင်း လွမ်းဆွတ်ခြင်းများကိုလည်း ခံစားဖူးသည်။ သူ့ဘဝတွင် အကြီးမားဆုံးနစ်နာဆုံးရှုံးမှုမှာ သမီးကြီးနှင့် ပြန်လည်မဆုံတွေ့နိုင်ခြင်းဖြစ်ပြီး မှားယွင်းစွားဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်သည် သမီးငယ်အား နိုင်ငံခြားသို့ ကျောင်းသွားမတက်စေခြင်းပင်ဖြစ်သည်။ ကြီးမားစွာကျရှုံးမှုသည် သူ့သားအား လမ်းမှန်သို့ရောက်အောင် သွန်သင်နိုင်စွမ်းမရှိခဲ့ခြင်းဖြစ်သည်။
            သူသည်ဘေးတွင်အိပ်နေသော ခင်ထားအား ပြန်လှည့်ကြည့်လိုက်သည်။ ခင်ထားသည် သူနှင့်အတူ ဖဝါးခြင်းထပ်၍ ပါရမီဖြည့်ခဲ့သူဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် အချစ်ဟူသောအရာ ပျောက်ဆုံးခဲ့ပြီး အချစ်ထက်ပိုမို ခိုင်မြဲသော သံယောဇဉ်တစ်ခု ရှိနေ၍သာ ယခုအချိန်အထိ ပေါင်းသင်းနေနိုင်ခြင်းဖြစ်သည်။ အိမ်ထောင်ရေးဟူသည် အစဉ်အမြဲသာယာ ချမ်းမြေ့နေသောအရာမဟုတ်။ ခင်ထားသည်ကား သူ့အလုပ်များကို တစ်စက်လေးမှ စိတ်ဝင်စားသူမဟုတ်ပေ။ သူဘာလုပ်လုပ် သူမ မသိ။ ထို့ကြောင့်ပင် သူသည် သူမည်မျှ ပင်ပန်းကြောင်း ခင်ထားမသိဟု ထင်သည်။ ခင်ထားသည် မည်သည်ကိုမှလည်း ဝင်ရောက်မေးမြန်းခြင်းမပြု။ ဘာသိဘာသာနေသည်။ သူမနှင့်မဆိုင်သလိုသာနေသည်။ သို့သော် အိမ်တွင်းရေး စီမံခန့်ခွဲရာတွင်တော့ အလွန်တော်သည်။
            သူနှင့်ခင်ထားသည် လင်မယားတို့၏ ထုံးစံအတိုင်း အမြဲတစေ အကြည်စိုက်နေသည့် သူများမဟုတ်ကြ။ ကတောက်ကဆဖြစ်သည့်အချိန်များလည်းရှိခဲ့သည်။ ထိုအချိန်မျိုးတွင် ခင်ထားသည် မျက်နှာကို အောက်ငုံ့မထားဘဲ ရဲရဲတင်းတင်းပင် သူနှှင့်ယှဉ်ပြိုင်ရန်ဖြစ်နိုင်စွမ်းရှိသည်။ တစ်ခါတရံတွင် သတ်ပစ်ချင်စရာကောင်းလောက်အောင် ကပ်ကပ်လန်ရန်တွေ့တတ်သေးသည်။ သူမ မှန်သည်ဟု ထင်ပါက မည်သည့်အရာကိုမှ အလျှော့ပေးတတ်သည့် သူမျိုးမဟုတ်။
            သူ သက်ပြင်းချလိုက်သည်။ သူ့ဘဝ၏ အနှစ်လေးဆယ်မျှသော အချိန်တို့သည် ဤမိသားစုတာဝန် ထမ်းဆောင်ရင်း ကုန်ဆုံးခဲ့သည်။ သူမျှော်မှန်းထားသောအရာများအား တစ်ခုမှ အကောင်အထည်မပေါ်ခဲ့ပေ။
            သူနာရီကြည့်လိုက်သည်။ အချိန်က သုံးနာရီထိုးပြီဖြစ်သည်။ ထို့ကြောင့် အတွေးများအား အမြစ်ဖြတ်ပြီး အိပ်ရတော့မည့်အချိန်ဖြစ်သည်။ သူ့ဘေးတွင် အိပ်နေသော ခင်ထားကို တစ်ချက်ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ခင်ထားသည် သူ့ဘေးတွင် ဒုက္ခရောက်ချိန်များ၌ မားမားမတ်မတ်ရပ်တည်ပေးခဲ့သော ဇနီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် အိပ်ပျော်နေသော ခင်ထား၏ နဖူးအား ခပ်ဖွဖွနမ်းလိုက်ပြီး သူလည်း မျက်လုံးမှိတ်ကာ အိပ်လိုက်တော့သည်။


****************************** ***************

Comments

Popular posts from this blog

Evermore Album Review

ကျွန်မ မချစ်တတ်ခဲ့သော ယောက်ျား

ထွေးငယ်